ရွေးကောက်ပွဲ ကာလအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသ၌ ခရီးသွားလာမှု ပိုမိုများပြားလာသော်လည်း ရပ်ဝေးခရီးသွားလာမှု ပုံမှန်သာရှိကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။
"ဒေသခံ တိုင်းရင်းသားတွေဖြစ်တဲ့ အာခါ၊ ရှမ်း၊ လားဟူတွေတော့ နေရပ် အသီးသီးပြန်ပြီး မဲထည့်ဖို့ ခရီးသွားတာတွေ ရှိတယ်၊ အရင်ကထက် စာရင် နည်းနည်းတိုးလာတာပေါ့ အဓိက ကတော့ ကျိုင်းတုံ၊ တာချီလိတ်က ဒေသခံတွေများတယ်.."ဟု ရွှေမြို့တော်ကားဂိတ်မှ တာဝန်ခံ ကိုခွန်ဆန်းမှပြောသည်။
ရွေးကောက်ပွဲ မတိုင်ခင်နှင့် ယခုအချိန် ရွေးကောက်ပွဲလွန် ကာလများတွင် ခရီသွားလာမှု မြင့်တက်လာခြင်း ဖြစ်ကြောင်း နှင့် တစ်ရက်လျှင်ပျမ်းမျှ Express ကား(၂)စီးခန့် ထွက်ခြင်းဖြစ်ပြီး လူ(၂၀)ခန့် ပိုလာခြင်းဖြစ်ကြောင်း ၎င်းမှပြောသည်။
"တောင်ကြီးကို ထွက်တဲ့ ကားကတော့ တစ်ရက်(၁)စီး ပုံမှန်ပါဘဲ ပိုလာတာလည်း မရှိဘူး၊ ခရီးသွားတဲ့ လူတွေကတော့ ဗမာလူမျိုးတွေများတယ်၊ ပြည်မထဲက တိုင်းရင်းသားဆိုရင် တောင်ကြီးဘက်က များတယ်.."ဟု ရွှေပြည်တော်ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ကိုနိုင်က ပြောသည်။
အထွေထွေ ရွေးကောက်ပွဲကာလအတွင်း ဒေသတွင်း ခရီးသွားလာမှုမှာ မြှင့်တက်ခဲ့သော်လည်း၊ နယ်ဝေးသွားလာမှုမှာ ပုံမှန်သာရှိကြောင်း၊ ခရီးသွားလာသူ အများစုမှာ အလုပ်သမားအများစုဖြစ်ပြီး နေရပ်ပြန်သူများနှင့် တာချီလိတ်သို့ လာရောက် အလုပ်ကိုင်သူများသာဖြစ်ကြောင်း သိရသည်။
"တောင်ကြီးမှာတော့ ဒေသခံတိုင်းရင်းသားတွေ ခရီးသွားပါတယ်၊ အဓိကတော့ တာချီလိတ်ကို အလုပ်သွားလုပ်သူ အများစု ကျွန်မတို့ဂိတ်က တစ်ရက်(၁)စီးပုံမှန်ဘဲ လမ်းတစ်လျှောက် ဂိတ်တွေမှာလဲ အားလုံးအစဉ်ပြေပါတယ်.."ဟု တောင်ကြီး ငွေအိုးစည်ကားဂိတ်မှ တာဝန်ခံ မမြတ်လေးက ပြောသည်။