ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း MPT GSM(Global System for Mobile) ဖုန်းလိုင်းများ နေရာအနှံ့ လိုင်းမိစေရန်အတွက် ဆက်သွယ်ရေး တာဝါတိုင်များကို စိုက်ထူသွားရန် အစီအစဉ်ရှိကြောင်း တာချီလိတ်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
"တာချီလိတ်မြို့နယ်အတွင်းမှာ National Wide Coverage စီမံကိန်းအရ ဖုန်းလိုင်းမမိတဲ့ နေရာ မရှိရအောင် ကျေးရွာတွေမှာ ဆက်သွယ်ရေး တာဝါတိုင်တွေ စိုက်ဖို့ အစီအစဉ်ရှိပါတယ်၊ အခု ကျေးရွာစာရင်းတွေကို ကောက်ယူထားပါတယ်..."ဟု တာချီလိတ်ဆက်သွယ်ရေးမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောပြသည်။
MPT GSM ဖုန်းလိုင်းများ ကောင်းမွန်စွာ မမိသေးသည့် နေရာများနှင့် လိုင်းလုံးဝ မမိသည့် ကျေးရွာများဖြစ်သည့် မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စု နှင့် မိုင်းကိုးကျေးရွာအုပ်စုတို့အား အဓိကထား၍ ဆက်သွယ်ရေး တာဝါတိုင်များကို စိုက်ထူသွားမှာဖြစ်ပြီး အခြားသော ဖုန်းလိုင်းမမိသည့် ကျေးရွာများအတွက်လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း MPT GSM ဆက်သွယ်ရေး တာဝါတိုင်များကို စိုက်ထူပြီးစီးမှုမှာ (၁၀)တိုင်ကျော်ရှိနေပြီး၊ မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများတွင် တိုင်းရင်းသား ပြည်သူများ အဆင်ပြေစွာ သုံးစွဲနိုင်ရန်အတွက် တာဝါတိုင်များ တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း တာချီလိတ်ဆက်သွယ်ရေးမှ သိရသည်။