ရွှေ့ပြောင်းအလုပ်သမားများ တန်းတူအခွင့်အရေး ရရှိရေးနှင့် အလုပ်သမား ဥပဒေ နားလည်စေရေး ချင်းရိုင်း၌ အလုပ်ရုံ ဆွေးနွေး

ရွှေ့ပြောင်းအလုပ်သမားများ တန်းတူအခွင့်အရေး ရရှိရေးနှင့် အလုပ်သမား ဥပဒေ နားလည်စေရေး ချင်းရိုင်း၌ အလုပ်ရုံ ဆွေးနွေး
နိုဝင်ဘာ 17, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့၊ ချင်းရိုင်း အလုပ်သမားလူမှုဖူလုံရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဌာနမှ စီစဉ် ကျင်းပသော ရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို နိုဝင်ဘာလ(၁၅)ရက် နံနက် (၉)နာရီမှ ညနေ (၅) နာရီအထိ ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့၊ Rimkok ရပ်ကွက်၊ Chiangrai Provincial Admimistration Organization ကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရွှေ့ပြောင်း မြန်မာအလုပ်သမားများလည်း တက်ရောက်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ချင်းရိုင်း အလုပ်သမား လူမှုဖူလုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဌာန ကျွမ်းကျင်ပညာရှင် Miss.Chada Porn Sunun က အလုပ်သမား လူမှုဖူလုံရေးနှင့် ကာကွယ် စောင့်ရှောက်ရေး ဌာနသည် အလုပ်သမားများအတွက် စံချိန်စံညွှန်းမှီ အလုပ်သမားအခွင့် အရေး ရရှိစေရန် ကြီးကြပ်ဆောင်ရွက်ပေးရသည့် တာဝန်ဝတ္တရားရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း ရှင်းပြသည်။

( ရွှေ့ပြောင်း မြန်မာအလုပ်သမားတစ်ဦး )

အလုပ်သမားများကို ဥပဒေမှ သတ်မှတ်ထားသော အကျိုး ခံစားခွင့်ထက် မနည်းရရှိစေရေး၊ အလုပ်ခွင် လုံခြုံအန္တရာယ် ကင်းဝေးစေရေး၊ ကောင်းမွန်သော လူမှုဖူလုံရေးများ ရရှိစေရေး စသည်တို့ကို ရရှိစေခြင်းဖြင့် အလုပ်သမားများမှ အလုပ်မြဲစေခြင်း၊ ကောင်းမွန်သော ဘ၀ အရည်အသွေးရရှိစေခြင်း၊ အရည်အသွေးရှိသော ထုတ်ကုန်များကို ထုတ်လုပ်စေနိုင်ခြင်း၊ သက်ဆိုင်ရာ လူမှု အဖွဲ့အစည်းများအား တည်ငြိမ်အေးချမ်းစေခြင်း နှင့် စီးပွားရေး တိုးတက်မြင့်မားစေခြင်း ဖြစ်စေမည်ဟု အလုပ်သမားများ လူမှုဖူလုံ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဌာနမှ ရည်မှန်းထားကြောင်း၊ ထိုင်းအလုပ်သမားဖြစ်စေ၊ နိုင်ငံခြားသား အလုပ်သမားဖြစ်စေ၊ မည်သည့်နိုင်ငံသား အလုပ်သမားမဆို အလုပ်ခွင်ထဲ ၀င်ရောက် ငှားရမ်းခံရပြီဆိုပါက ခွဲခြားမှုမရှိဘဲ တူညီသော အလုပ်သမားအခွင့်အရေးကို ရရှိမည် ဖြစ်သလို ထိုအခွင့် အရေးများကို သိရှိအောင်နှင့် ဥပဒေကြောင်းအရ ၀န်ဆောင်မှုတို့ကိုပါ ရရှိစေပါမည် ဟုပြောသည်။

ထို့အပြင် အလုပ်သမားများ လူမှုဖူလုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဌာနသည် နိုင်ငံခြား အလုပ်သမားများ၊ နိုင်ငံပြင်ပပို့ဆောင်နိုင်ရေး ရန်ပုံငွေ ဌာနခွဲ၊ အလုပ်အကိုင် ရှာဖွေနေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့သော ဘတ်ဂျက်ဖြင့် မြန်မာနိုင်ငံသား အလုပ်သမားများကို ဥပဒေအရ သတ်မှတ်ထားသော အလုပ်ရှင်နှင့် အလုပ်သမားများ၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိစေရန် ရည်ရွယ်၍ အခုလို အလုပ်ရုံ ဆွေးနွေးပွဲလေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အလားတူ ဆွေးနွေးပွဲများကို ၂၀၁၂ခုနှစ်က နှစ်ကြိမ်၊ ၂၀၁၃ခုနှစ်က နှစ်ကြိမ်၊ ၂၀၁၄ခုနှစ်က နှစ်ကြိမ်၊ ယခုနှစ် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် တစ်ကြိမ်၊ စုစုပေါင်း ခုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားသည်။

( Miss.Chada Porn Sunun  )

ဆက်လက်ပြီး အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေသည် ထိုင်း သက္ကရာဇ် ၂၅၄၁ ခုနှစ်အရ နိုင်ငံခြားသား အလုပ်သမား အခွင့်အရေးများ၊ ဥပဒေမှ သတ်မှတ်ထားသော အလုပ်ရှင်နှင့် အလုပ်သမားများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ထိုင်းနိုင်ငံအတွင်း အလုပ်ခန့်အပ်မှုဆိုင်ရာ ကန့်သတ်ချက်များ၊ နစ်နာကြေး၊ လျော်ကြေး၊ အမျိုးသမီး အလုပ်သမား၊ ကလေးအလုပ်သမား၊ အလုပ်ရှင် ဆောင်ရွက်ရမည့် အချက်များ၊ ထောက်ပံ့ကြေးပေးရန် စည်းမျဉ်းစည်းကမ်းများ၊ အလုပ်သမားများ၏ ကျန်းမာရေးနှင့် လုပ်ငန်းခွင်ပတ်ဝန်းကျင် ဘေးကင်းမှု ကာကွယ်စောင့်ရှောက်ရေး အတွက် အခြေခံစည်းကမ်း (၁၀)ချက် စသည်များကို ရှင်းလင်းပြောကြားသည်။

( Mr.Chaed Muang Kaw )

ထို့နောက် ချင်းရိုင်းမြို့နယ်၊ မယ့်ဆွေပြည်သူ့ဆေးရုံမှ လူမှုဆက်ဆံရေး ပညာရှင် Mr.Chaed Muang Kaw(မစ္စတာ ချဲမွန်းကော)က မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရာတွင် အဖွဲ့အစည်းထဲကလူပုဂ္ဂိုလ် အချင်းချင်း ဆက်ဆံရေး၊ အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံရေးကဏ္ဍများကိုလည်းကောင်း မူဝါဒများ၊ လုပ်နည်းလုပ်ဟန်များ သတ်မှတ်ရာတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား၊ အလုပ်သမား အချင်းချင်း၊ စီမံခန့်ခွဲသူနှင့် အလုပ်သမား ဆက်ဆံရေးများ ကို မြန်မာ - ထိုင်းနှင့် အာစီယံ (၁၀) နိုင်ငံတို့၏ ယဉ်ကျေးမှု အလေ့အထများနှင့် နှိုင်းယှဉ်၍ Power Point ဖြင့် ပြသဆွေးနွေးသည်။

( Mr.Chatree Rungsrisukchit )

ဆက်လက်ပြီး ဥပဒေပညာရှင် Mr.Chatree Rung Srisu Kcit က အလုပ်ခွင်အတွင်း အခြေခံ လိုအပ်ချက်အရ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ သိသင့်သိထိုက်သည့် ၁၉၉၈ ခုနှစ် အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ လူမှုဖူလုံရေး အစီအမံများ ဆောင်ရွက်ပေးရာတွင် လိုက်နာရမည့် စည်းမျဉ်းများကို လည်းကောင်း၊ လုပ်ငန်းခွင် နေရာပြောင်းခြင်းနှင့် ဥပဒေပြင်ပ အလုပ်သမား လူမှုဖူလုံရေး အခန်းကဏ္ဍများ ကိုရှင်းလင်းပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ ချင်းရိုင်းမြို့နယ်ရှိ ပန်းရံဆိုဒ် အလုပ်သမား ၁၄၉ ဦးတက်ရောက်ပြီး တက်ရောက်လာသူများက မိမိတို့ကိုင်ဆောင်ထားသော ပတ်စ်ပို့များ လေးနှစ် ဗီဇာသက်တမ်းတိုး စာအုပ်ပြန်လျှောက်သည့်အခါ တွေ့ကြုံရသည့် အခက်အခဲများ၊ ထိုင်းနိုင်ငံ စစ်အစိုးရ လက်ထက်က ထုတ်ပေး ထားသော ပန်းရောင်အလုပ်သမား သက်သေခံ လက်မှတ်ကိုင်ဆောင်သူများ အလုပ် ပြောင်းရွေ့သည့်အခါ တွေ့ကြုံရသည့် အခက်အခဲများ၊ အခြေခံ အလုပ်သမား လုပ်အားခ မတူညီသည့် အခြေအနေများ၊ ထိုင်းနိုင်ငံအတွင်း မွေးဖွားသော ကလေး စားရိတ် ရပိုင်ခွင့်များ မေးမြန်းကြရာ ကျွမ်းကျင်ပညာရှင် Miss.Chada Porn Sunun ၊ လူမှုဆက်ဆံရေး ပညာရှင် Mr.Chaed Muang Kaw နှင့် ဥပဒေပညာရှင် Mr.Chatree Rungsrisukchit  တို့က မေးမြန်းမှုများကို ကဏ္ဍအလိုက်ဖြေကြားခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း။  ။ မြင့်မိုရ်(တာချီလိတ်)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~