ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ရေး လူထုလက်မှတ်ရေးထိုးလှုပ်ရှားမှုများကို ရှမ်းပြည်နယ်လူငယ်ကွန်ရက်နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ တာချီလိတ်မြို့တွင်း ကောက်ခံလျှက်ရှိပြီး နိုဝင်ဘာလ (၂၀)ရက်နေ့တွင် စစ်ရပ်တန့်ရေး လူထုလက်မှတ်ထိုးခြင်းအဖြစ် Campaign ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ကို ရှမ်းတိုင်းရင်းသားတွေက ပြောလာတယ်၊ ပြည်တွင်းမှာ ဗမာတွေ ရေဘေးသင့်တော့ ရှမ်းတွေ ကူညီရတယ်၊ အခုရှမ်းတွေ ဒုက္ခရောက်တော့ မကူညီကြဘူးတဲ့၊ သူတို့ အကူအညီတောင်းတဲ့ အချိန်မှာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေလို့ ခုမှ လုပ်ဖြစ်တာပါ၊ တောင်ပေါ်မြေပြန့် မခွဲခြားပါဘူး၊ ကျွန်တော်လဲ ရှမ်းပြည်မှာနေတဲ့ နိုင်ငံသားပါ၊ အခုဒုက္ခရောက်နေတာ ကျွန်တော်တို့ ညီအစ်ကို သွေးချင်းတွေပါ၊ ဒါကြောင့် စစ်ပွဲကို ရပ်စေချင်လို့ လူထုလက်မှတ်တွေ လိုက်ကောက်ခံပေးနေတာ.."ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌဦးတင့်ဆွေမှ ပြောသည်။
ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် (၁၀,၀၀၀)ကျော်ရှိခဲ့ရာ ၎င်းတို့အား စာနာထောက်ထားသော အားဖြင့် (၂)ဖက် တိုက်ပွဲများ ရပ်တန့်၍ စားပွဲခုံပေါ် ဆွေးနွေးပွဲများ ပြန်လည် ကျင်းပစေလိုကြောင်း၊ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် အဓိက ဒုက္ခရောက်သူမှာ ပြည်သူများသာ ဖြစ်ကြောင်း၊ နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်ဖြစ်ပွားခြင်းကြောင့် နိုင်ငံတိုးတက်မှုမှာ နှေးကွေးလျှက်ရှိကြောင်း ၎င်းမှပြောသည်။
"ကျွန်တော်တို့ ပြည်သူတွေ စစ်ပွဲရပ်တန့်ဖို့ လက်မှတ်ထိုးလှုပ်ရှားမှုလုပ်တာ အဓိက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ပါ၊ အခု NCA ဆွေးနွေးပွဲမှာ NCCT ကို ဖျက်သိမ်းလိုက်တော့ ကျန်တဲ့ အဖွဲ့တွေနဲ့ တစ်ဦးတစ်ယောက်ချင်း ဆွေးနွေးရမယ်ဆိုတော့ ကြာနေတယ်၊ စစ်ပွဲတွေလဲဖြစ်နေတယ်၊ ဒါကို ရပ်စေချင်လို့ပါ"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း Youth Network မှ ကိုသီဟမှ ပြောသည်။
တာချီလိတ်မြို့တွင် စစ်ပွဲရပ်တန့်ရေး လူထုလက်မှတ်ထိုးမှုအား နိုဝင်ဘာ(၁၃)ရက်နေ့တွင် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ ကျောင်းသား/သူများ လက်မှတ်ရေးထိုးခဲ့ပြီး မြို့တွင်းရှိ ပြည်သူများထံ လက်မှတ်လိုက်လံ ကောက်ခံလျှက်ရှိပြီး တာချီလိတ်မြို့တွင် လက်မှတ်ထိုးသော ဒေသခံ (၂၀၀)ကျော်ခန့်ရှိပြီး နိုဝင်ဘာ(၂၀)ရက်နေ့တွင် လက်မှတ်ရေးထိုးပွဲ Campaign အား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်း လူငယ်ကွန်ရက်မှ လက်မှတ်ရေးထိုး လှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိရာ တောင်ကြီးမြို့တွင် ပြည်တွင်း စစ်ပွဲ ရပ်တန့်ရေး Campaign အား ဒီဇင်ဘာလ (၃၊ ၄၊ ၅)ရက်နေ့များတွင် လက်မှတ်ရေးထိုး လှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ပြီး၊ ဒီဇင်ဘာ(၉၊ ၁၀)ရက်နေ့များတွင် တစ်နိုင်ငံလုံးနှင့် ပြည်ပမှ ရရှိလာသော လက်မှတ်များနှင့် ပတ်သက်၍ ဖိုရမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။