ထိုင်းနိုင်ငံ မယ်ဆိုင်အလုပ်ရှင်မှ တစ်ဖက်သတ် စွပ်စွဲမှုကြောင့် ဖမ်းဆီးခံရသူ တာချီလိတ်မှ မြန်မာနိုင်ငံသား နှစ်ဦး အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်

ထိုင်းနိုင်ငံ မယ်ဆိုင်အလုပ်ရှင်မှ တစ်ဖက်သတ် စွပ်စွဲမှုကြောင့် ဖမ်းဆီးခံရသူ တာချီလိတ်မှ မြန်မာနိုင်ငံသား နှစ်ဦး အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်
နိုဝင်ဘာ 19, 2015
By Tachileik News Agency

ပြီးခဲ့သည့် ၂၀၁၅ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ MLK အိမ်ဆောက် ပစ္စည်းနှင့် သစ်ချောထည် အရောင်းဆိုင်မှ မြန်မာအလုပ်သမား ၀န်ထမ်းနှစ်ဦးအား စာရင်းဇယား ကွာဟသည်ဟု စွပ်စွဲကာ မယ်ဆိုင်ရဲစခန်းမှ တဆင့် ချင်းရိုင်းအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး တရားရုံး၌ အမှုရင်ဆိုင်ရာမှ နိုဝင်ဘာလ (၁၇)ရက်နေ့က ကွင်းလုံးကျွတ် လွတ်မြောက်ကာ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် တာချီလိတ်သို့ ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း မြန်မာအရေးကိစ္စအား စေတနာဖြင့် ကူညီ ဆောင်ရွက်ပေးသူများထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၃၀)ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ MLK အိမ်ဆောက်ပစ္စည်းနှင့် သစ်ချောထည် အရောင်းဆိုင်မှ ပုံမှန်ပြုလုပ်နေကြ အစည်းအဝေးရှိသည့် အတွက် တာချီလိတ်တွင် ရောက်ရှိနေသော ၎င်းတို့၏ မြန်မာအလုပ်သမား ၀န်ထမ်းနှစ်ဦးဖြစ်သည့် မဖြိုးဖြိုးနှင့် မောင်ရန်နိုင်ဦးအား မယ်ဆိုင်သို့ ခေတ္တ လာရောက်ရန်အတွက် ဖုန်းဆက်ကာ လိမ်လည်ခေါ်ပြီးနောက် စာရင်းလိမ်လည်မှု နှင့် စာရင်းဇယား ကွာဟမှုများကြောင့်ဟု စွပ်စွဲကာ မယ်ဆိုင်ရဲစခန်းတွင် တိုင်ကြားရာ မယ်ဆိုင်ရဲစခန်းမှ ဖမ်းဆီးထားသည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့၏ ဖခင်ဖြစ်သူ ဦးအေးသန်းက မယ်ဆိုင်မြို့ အတွင်း မတရားခံရသော မြန်မာနိုင်ငံသားများအား စေတနာဖြင့် ကူညီဆောင်ရွက်ပေးနေသည့် ဦးအောင်ဖြိုးရှိန်၊ ဦးစည်သူမောင် နှင့် ဦးထွန်း(မယ်ဆိုင်)တို့အား သွားရောက်၍ အကူအညီတောင်းခံရာ၊ အဆိုပါ (၃)ဦးသည် မယ်ဆိုင်ရဲစခန်းသို့ သွားရောက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ညှိနှိုင်းပေးရာတွင် ဖမ်းဆီးခံရသည့် နှစ်ဦးအား ချင်းရိုင်းခရိုင် တရားရုံးတွင် အာမခံ ရရှိနိုင်ရေး အတွက် ကြိုးစားဆောင်ရွက် ပေးခဲ့သော်လည်း ထိုင်းနိုင်ငံ တရားရုံးဥပဒေအရ ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ မရှိသည့်အတွက် အာမခံကို ပယ်ချခံ ခဲ့ရပြီးနောက်၊ ချင်းရိုင်းရှိ ရှေ့နေ တစ်ဦးဖြစ်သူ ထိုင်းနိုင်ငံသား Mr.Chatree Rungsrisukchit နှင့် ဆက်သွယ်ကာ အဆိုပါ အမှုအား ကွင်းလုံးကျွတ် လွတ်မြောက်ရန်အတွက် ပူးပေါင်း ကြိုးပမ်းရာမှ ဖမ်းဆီးခံ မြန်မာနိုင်ငံသား နှစ်ဦးနှင့် ပတ်သက်၍ အမှုမှာ အလုပ်ရှင်ဘက်မှ ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာမျှ တင်ပြနိုင်ခြင်း မရှိသည့်အတွက် တရားရုံးမှ အဆိုပါ အမှုအား နိုဝင်ဘာလ (၁၇)ရက်နေ့က တရားစွဲဆိုခြင်းမှ ပယ်ချလိုက်ပြီး၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ဖမ်းဆီးခံ မြန်မာနိုင်ငံသားနှစ်ဦးအား ချင်းရိုင်းအကျဉ်းထောင်မှ မယ်ဆိုင်ရဲစခန်းသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးနောက် ၎င်းတို့၏ မိသားစုဝင်များနှင့် အတူ မယ်ဆိုင်ရဲစခန်းတွင် သွားရောက်ခေါ်ဆောင်လာကာ တာချီလိတ်သို့ ပြန်လာခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသူတို့၏ ပြောပြချက်အရ သိရသည်။

မြန်မာဘက်သို့ ပြန်လည်ခေါ်ဆောင်ရန်အတွက် ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ဖြိုးရှိန်၊ ဦးစည်သူမောင် နှင့် ဦးထွန်း(မယ်ဆိုင်)တို့မှ  မယ်ဆိုင်ရဲစခန်းတွင် လက်မှတ်ရေးထိုးကာ ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

"'ကိုယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထားဖို့ လိုပါတယ်၊ ဒီလို အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြဿနာတွေက ဟိုးအရင်ကလည်း ရှိခဲ့ဖူးပါတယ်၊ မလည်မ၀ယ်ဆိုရင်တော့ ခံရတတ်တယ်၊ ဘာဘဲဖြစ်ဖြစ် သတိထားဖို့ လိုပါတယ် "ဟု ဦးစည်သူမောင်က ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တာချီလိတ်မြို့မှ နေ့စဉ် သွားရောက် အလုပ် လုပ်ကိုင်သည့် မြန်မာနိုင်ငံသား အမြောက်အများရှိပြီး၊ ယခုလို အခက်အခဲများ ကြုံလာချိန်တိုင်း၌ နယ်ခြားကော်မတီ(TBC) အပြင် အဖွဲ့အစည်းမဟုတ်ဘဲ စေတနာဖြင့် ကူညီဆောင်ရွက်ပေးသူများထံသို့လည်း ဆက်သွယ် အကူအညီတောင်းခံလေ့ရှိရာ ၎င်းတို့မှ မတရားခံရမှုများကို အဓိက ဦးစားပေးကာ ကူညီ ဆောင်ရွက်ပေးလေ့ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~