နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်၌ မှုခင်းများ ကျဆင်းရေးအတွက် အသိပညာပေးမှုအဖြစ် ယနေ့ နိုဝင်ဘာလ (၂၃)ရက်နေ့ နေ့လည် (၁)နာရီအချိန်က တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များအား အသိပညာပေးအဖြစ် ဟောပြောခဲ့ကြောင်း သိရသည်။
မှုခင်းများ ကျဆင်းရေးနှင့် ပတ်သက်၍ "ရွေးကောက်ပွဲ မတိုင်မီကတည်းက ညဘက်ကားများဖြင့် အုပ်စုခွဲကာ ရဲကင်းလှည့်လည်ခြင်းများကို ပြုလုပ်ခဲ့ပြီး၊ ရွေးကောက်ပွဲကာလ၌ ခေတ္တ နားထားကြောင်း၊ ယခုအခါမှာ ရွေးကောက်ပွဲပြီးပြီ ဖြစ်သည့် အတွက် ဆက်လက်၍ ယခင်နည်းတူ စုပေါင်းအဖွဲ့ဖြင့် ကားများဖြင့် လှည့်ကင်းအဖြစ် ပြန်လှည့်လည်သွားမှာ ဖြစ်ကြောင်းနှင့် မှုခင်းကျဆင်းရေးအတွက် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း.."တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမင်းက ဟောပြောပွဲတွင် ထည့်သွင်းပြောကြားသွားသည်။
ဆက်လက်၍ ၎င်းက" တာချီလိတ်မြို့နယ် မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့လေးတစ်မြို့ဖြစ်သည့်အတွက် အထူးဂရုစိုက်ရမည် ဖြစ်တာကြောင့် လူစိမ်းများ၊ ဧည့်စိမ်းများ နှင့် မသင်္ကာစရာများ တွေ့ရှိရပါက ရဲတပ်ဖွဲ့သို့ အမြန်ဆုံး အသိပေးအကြောင်းကြားခြင်းသည် ရဲတပ်ဖွဲ့ နှင့် ပြည်သူ လက်တွဲဆောင်ရွက်ရာ ရောက်သည်ဖြစ်တာကြောင့် ဒုစရိုက်မှုများ လျော့နည်းလာနိုင်မှာဖြစ်ကြောင်း.." အသိပညာပေး ပြောကြားသည်။
အဆိုပါ ဟောပြောပွဲသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ၊ တပ်ဖွဲ့စိတ်မှူး ယာယီရဲမှူး ရင်ရင်အေး၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်း နှင့် မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အတွင်း တာဝန်ရှိသူများ စုစုပေါင်း အယောက်(၄၀)မှ တက်ရောက်ခဲ့ကြသည်။
တာချီလိတ်မြို့နယ်တွင် နိုဝင်ဘာလ (၁)ရက်နေ့မှ ယနေ့ နိုဝင်ဘာလ (၂၄)ရက်နေ့ အထိ အမှုဖြစ်ပွားမှုမှာ အမှုကြီး(၁)မှု၊ ခိုးမှု(၄)မှု၊ မူးယစ်ဆေးဝါးမှု (၇)မှု၊ ယာဉ်တိုက်မှု (၄)မှုနှင့် အခြားမှု(၈)မှု စုစုပေါင်း (၂၄)မှု ဖြစ်ပွားခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။