ရှမ်းပြည်အလယ်ပိုင်း စစ်ဘေးသင့် ပြည်သူများအတွက် တာချီလိတ် SNLD ပါတီမှ ဦးဆောင်ကာ အလှူငွေများ ကောက်ခံ

ရှမ်းပြည်အလယ်ပိုင်း စစ်ဘေးသင့် ပြည်သူများအတွက် တာချီလိတ် SNLD ပါတီမှ ဦးဆောင်ကာ အလှူငွေများ ကောက်ခံ
နိုဝင်ဘာ 25, 2015
By Tachileik News Agency

တာချီလိတ် SNLD ပါတီမှ ရှမ်းပြည်နယ် အလယ်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လိုအပ်သော အကူအညီများ ပေးနိုင်ရန် အလှူငွေများ ကောက်ခံကာ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

"အခုလာလှူတဲ့သူတွေက တာချီလိတ်မြို့ထဲက မြို့သူမြို့သားအများစုနဲ့ အဖွဲ့အစည်းတစ်ချို့ပါ ပါတယ်၊ နောက်ပြီး ပါတီထဲက ပါတီဝင်တွေ လှူထားတာလည်းပါ ပါတယ်၊ အလှူခံထားတဲ့ ငွေတွေကို နိုဝင်ဘာလ (၂၆) ရက်နေ့မှာ လဲချားမြို့အထိ သွားလှူမှာပါ.."ဟု တာချီလိတ် SNLD ပါတီမှ ဦးစိုင်းအောင်ဟိန်းမွန်းမှ ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် လိုအပ်သော အကူအညီများ ပေးနိုင်ရန် တာချီလိတ် SNLD(ကျားခေါင်း) ပါတီမှ နိုဝင်ဘာလ အတွင်း အလှူငွေများ စတင်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိ အချိန်တွင် ကျပ်(၁၃)သိန်းကျော်နှင့် ဘတ်(၄)သောင်းကျော် လက်ခံရရှိခဲ့ပြီး၊ နိုဝင်ဘာလ (၂၂)ရက်နေ့က ပထမအကြိမ် သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

စစ်ဘေးရှောင်များ အတွက် တာချီလိတ်မြို့၌ ယခုလက်ရှိတွင် ငွေကြေးများသာ အဓိကထား လှူဒါန်းခြင်းဖြစ်ကြောင်း၊ စစ်ဘေးဒုက္ခသည်များ၏ လိုအပ်ချက်အရ စားနပ်ရိက္ခာနှင့် ဆေးဝါးများအား ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ် ရှမ်းရှေ့စက်ဘီးအသင်းမှ ယနေ့ နိုဝင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ကျပ် ငွေ(၁၀)သိန်း တိတိအား တာချီလိတ် SNLD ပါတီရုံးသို့ သွားရောက်လှူဒါန်းရာ အဆိုပါ ပါတီရုံးမှ တာဝန်ရှိသူများက စစ်ဘေးသင့် တိုင်းရင်းသားပြည်သူများ ကိုယ်စား လက်ခံပေးကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် (၁၀,၀၀၀)ကျော်ခန့် ရှိပြီး၊ ရှမ်းပြည်နယ် အနှံ့အပြားသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း နှင့် စစ်ဘေးရှောင် စခန်းများတွင် ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အနွေးထည်နှင့် သောက်သုံးရေများ လိုအပ်လျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~