ကျပ်သိန်း(၄၄၀)ကျော် တန်ဖိုးရှိ တာချီလိတ်မြို့လုံးကျွတ် အကြိမ်(၂၀)မြောက် စုပေါင်း မဟာဘုံကထိန်

ကျပ်သိန်း(၄၄၀)ကျော် တန်ဖိုးရှိ တာချီလိတ်မြို့လုံးကျွတ် အကြိမ်(၂၀)မြောက် စုပေါင်း မဟာဘုံကထိန်
နိုဝင်ဘာ 26, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ်၏ အကြိမ်(၂၀)မြောက် စုပေါင်း မဟာဘုံကထိန်အား ယနေ့ နိုဝင်ဘာလ (၂၆)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ရန်အောင်မြေဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ပဒေသာပင် (၁၀၀)၀န်းကျင် ရှိကြောင်း သိရသည်။

စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်း ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဇနီး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ နှင့် နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံ စေတနာရှင် အလှူရှင်များ စသည်တို့မှ တာချီလိတ်မြို့ ပါလျှံဘုရားကြီးကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကြသည်။

ဆက်လက်၍ မဟာဘုံကထိန်၏ အဓိပတိဖြစ်သည့် ဉတ်မကြီး ကထိန်လျာသင်္ကန်းနှင့် တကွ လှူဖွယ်ဝတ္တုပစ္စည်းများအား ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဆက်လက်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အလှူရှင်များက ရေစက်သွန်းချတရားတော်နာယူကြသည်။

အကြိမ်(၂၀)မြောက် စုပေါင်း မဟာဘုံကထိန်တွင် စာရင်းအရ (၇၈)ခုရှိပြီး စာရင်းမဲ့များ အပါအ၀င် ပဒေသာပင် (၁၀၀)၀န်းကျင်ရှိကြောင်း နှင့် စာရင်းရှိ ပဒေသာပင်များ၏  ပစ္စည်းနှင့်ငွေသား စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် (၂၀,၆၂၈,၃၃၂) နှစ်ရာ့ခြောက်သိန်းနှစ်သောင်းရှစ်ထောင်သုံးရာသုံးဆယ့်နှစ်ကျပ် ရှိကြောင်း နှင့် ထိုင်းဘတ်ငွေဖြင့် (၆၈၀,၉၄၉) ခြောက်သိန်းရှစ်သောင်းကိုးရာလေးဆယ့်ကိုးဘတ် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ် (၁၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို တာချီလိတ်မြို့ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်နိုင်ခဲ့ရာ ဘုံကထိန်ပဒေသာပင် စုစုပေါင်း (၇၀)ကျော်ရှိပြီး ပစ္စည်းတန်ဖိုးနှင့် ငွေသား တန်ဖိုးစုစုပေါင်း ကျပ်ငွေ (၁၇,၅၈၄,၅၃၈)ကျပ်နှင့် ထိုင်းဘတ်ငွေ ( ၅၇၂,၂၁၂)ဘတ်ရှိကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၃ခုနှစ် (၁၈)ကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အား တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဒေသာပင် စုစုပေါင်းမှာ (၇၂)ပင်ရှိခဲ့ပြီး ပစ္စည်းနှင့် ငွေသားတန်ဖိုးမှာ ကျပ်ငွေ (၁၈,၉၄၅,၂၂၃) ကျပ်၊ ထိုင်းဘတ်ငွေ ( ၅၂၅,၇၁၇ )ဘတ် နှင့် အမေရိကန်ဒေါ်လာ (၃၁)ဒေါ်လာ ရှိခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၅ခုနှစ် အကြိမ်(၂၀)မြောက် စုပေါင်း မဟာဘုံကထိန်သည် ယခင်နှစ်များထက် အလှူရှင်များ ပေါများလာပြီး၊ ပဒေသာပင် အရေအတွက် နှင့် တန်ဖိုးငွေများမှာလည်း များပြားလာလျှက်ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ ။   ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
၂၀၁၅ တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်မှပဒေသာပင်များ

109 photos

ကျပ်သိန်း(၄၄၀)ကျော် တန်ဖိုးရှိ တာချီလိတ်မြို့လုံးကျွတ် ကထိန်.....

173 photos
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~