ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရေးအတွက် တာချီလိတ်မြို့ရှိ ပြည်သူများ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် စုပေါင်း ဆန္ဒထုတ်ဖေါ်မှာဖြစ်သည့်အတွက် စစ်ပွဲရပ်တန့်စေလိုသော ပြည်သူတိုင်း လာရောက်ဆန္ဒထုတ်ဖေါ်နိုင်ကြောင်း စီစဉ်သူထံမှ သိရသည်။
"အဓိက စစ်ဘေးရှောင် ပြည်သူတွေကို ငဲ့ညာပြီး ပြည်တွင်းစစ်ပွဲတွေ ရပ်တန့်ဖို့ ဆန္ဒထုတ်ဖေါ်တာပါ၊ အခု ငြိမ်း၊ စု၊ စီ ခွင့်ပြုချက် အမှတ်(၃/၁၅)နဲ့ နိုဝင်ဘာ(၂၆)ရက်နေ့က သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ပါပြီ."ဟု စစ်ပွဲများရပ်တန့်ရေး ဆန္ဒထုတ်ဖော်မည့် အဖွဲ့မှ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
စစ်ပွဲရပ်တန့်ရေး ဆန္ဒပြတောင်းဆို မည့်နေရာမှာ တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း၊ အာခါဈေးလမ်း မဇ္ဈိမလူမှုကူညီရေးရုံးဝန်းတွင်ဖြစ်ပြီး နိုဝင်ဘာလ (၂၈)ရက်နေ့နံနက် (၈)နာရီမှ (၁၁)နာရီအချိန်အထိ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
စစ်ပွဲရပ်တန့်ရေး ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွင် စစ်ပွဲရပ်တန့်ရေး ဟောပြောမှုများပြုလုပ်ပြီး ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုကာ၊ စစ်ပွဲများ ရပ်တန့်ရေး သီချင်းများ သီဆိုပြီး စစ်ပွဲရပ်တန့်ရေး လူထုလက်မှတ်ရေးထိုး လှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။