၂၀၁၅ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဖန်ခါးကုန်းကျေးရွာ အတွင်းရှိ စာသင်ကျောင်းဆောင်မှာ ပျက်ဆီး ယိုယွင်းခဲ့သည့် အတွက် အသစ်ပြန်လည် တည်ဆောက်ရန် အမှန်တကယ် လိုအပ်နေသော အဆိုပါ ကျောင်းဆောင်အား ဆောက်လုပ်လှူဒါန်းပေးနိုင်ရန် အတွက် တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ)မှ ကြီးမှူး ဦးဆောင်ကာ တာချီလိတ်စေတနာရှင်များနှင့် စုပေါင်းပြီး လှူဒါန်းသွားရန်အတွက် စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ရန် အလှူခံဌာနများကို နေရာ(၃)ခု၌ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အသုတ်မြို့၊ ဖန်ခါးကုန်းကျေးရွာသည် မိုးတွင်းအခါ ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသည့်အတွက် ယခုအခါမှာ ကျောင်းဆောင်သစ်အား အုတ်စီ ခြေတံရှည် အဖြစ် တည်ဆောက်မည်ဖြစ်ရာ အဆိုပါ ကျောင်းအတွက် ကနဦး အလှူရှင်များအဖြစ် ရှမ်းပြည်နယ် အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်) + ဒေါ်နန်းသောင်း မိသားစုမှ ငွေကျပ်(၅)သိန်း၊ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို ( ဟိုတယ်တာချီလိတ် / ဘုရင့်နောင်ပုဂ္ဂလိကဈေး ) မိသားစု ငွေကျပ်(၅)သိန်းတို့ကို အသီးသီး လှူဒါန်းလာကြရာ ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးကော်မတီဝင်များက လက်ခံပေးသည်။
အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ၂၀၁၅ခုနှစ် သြဂုတ်လအတွင်းမှ စ၍ စေတနာရှင်များမှ စုပေါင်း လှူဒါန်းထားသည့်မှာ ကျပ်သိန်းပေါင်း (၃၂၀)ကျော်ရှိပြီဖြစ်ကြောင်း နှင့် ကျောင်းဆောင်သစ် အတွက် စုစုပေါင်း ကုန်ကျမှုမှာ ကျပ်သိန်း(၁၀၀၀)ခန့် ကုန်ကျနိုင်ကြောင်း အပြင် ကျောင်းဆောင်သစ်အား ၂၀၁၆ခုနှစ် ဇန်န၀ါရီလအတွင်း၌ စတင် ဆောက်လုပ်ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။
တာချီလိတ်မြို့မှ စေတနာရှင် ပြည်သူများအနေဖြင့် ပါဝင် လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများတွင် လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
၁။ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်
ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့။
၂။ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး)စားသောက်ဆိုင်
ဘုရင့်နောင်ရုပ်တုရှေ့၊ ဗိုလ်ချုပ်လမ်းမဘေး၊ တာလော့ရပ်ကွက်၊ တာချီလိတ်မြို့။
ဦးနေ၀င်း
BT ဆီပန့် ( စက်သုံးဆီရောင်းဝယ်ရေး )
ပါလျှံလမ်းဆုံ၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့။