ထိုင်းနိုင်ငံရောက် ပန်းရောင်ကဒ်(ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်)ကိုင်ဆောင်ထားသည့် မြန်မာ နိုင်ငံသားများကို CI(မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်)ထုတ်ပေးရေးအတွက် ထိုင်းအစိုးရမှ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရုံးမှ သိရှိရသည်။
“အရင်က ထိုင်းမှာလုပ်တဲ့အစည်းအဝေးတွေမှာ မြန်မာဘက်က CI ထုတ်ပေးမယ့်ကိစ္စ ပြောဖြစ် ပါတယ်။ အခု လုပ်ငန်းစဉ်မှာ သူတို့လိုချင်တဲ့အကြောင်းအရာအချက်တချို့နဲ့ ပတ်သက်ပြီး လာ ဆွေးနွေးမှာပါ။”ဟု အလုပ် သမားညွှန်ကြားရေးဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောသည်။
ထိုင်းနိုင်ငံတွင် CI လက်မှတ်ထုတ်ပေးရမည့် မြန်မာလူဦးရေမှာ (၆)သိန်းခွဲကျော်ရှိပြီး ပန်းရောင်ကဒ် ကိုင်ဆောင် ထားသူများသည် ၂၀၁၆ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် မတ်လ မကုန်မီအမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးသိန်းဝင်းက ဆက်ပြောသည်။
ယခုကဲ့သို့ CI လက်မှတ်ထုတ်ပေးခြင်းရည်ရွယ်ချက်သည် တရားမဝင်အလုပ်သမားများအား တရားဝင်ဖြစ်စေ ရေး၊ CI လက်မှတ်ကိုင်ဆောင်ထားသူများသည် (၂)နှစ်အတွင်း မြန်မာနိုင်ငံသို့ တစ်ခေါက်ပြန်လာ၍ နိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် ပြည်တွင်းအေးဂျင့်များ၏ ထောက်ခံမှုဖြင့် ထိုင်းနိုင်ငံသို့တရားဝင်အလုပ်သမား အဖြစ်ပြန်လည်နေထိုင်ခွင့်ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
“ဒီလို CI လက်မှတ်ထုတ်ပေးမယ်ကြားတော့ ဝမ်းသာမိပါတယ်။ CI လက်မှတ်မရှိဘဲ ထိုင်းမှာ နေရတော့ အလုပ်လုပ်တဲ့အခါ၊ သွားလာတဲ့အခါမျိုးမှာ အဆင်မပြေဖြစ်မိပါတယ်။ ခဏခဏ ရဲဖမ်းခံရတယ်။ ဒဏ်ငွေလည်း မကြာခဏ အရိုက်ခံရပါတယ်။”ဟု ထိုင်းနိုင်ငံ မဲဆောက်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ဒေါ်အေးအေးက ပြောသည်။
မြန်မာနိုင်ငံသားများကို CI လက်မှတ်ထုတ်ပေးရန် ထိုင်းအစိုးရက စီစဉ်နေသော်လည်း မြန်မာအစိုးရ အပြောင်းအလဲနှင့် လုပ်ငန်းပိုင်းဆိုင်ရာများ မကြာခဏပြောင်းလဲမှုများကြောင့် ခွင့်ပြုပေးရန်ကြန့်ကြာ နေခြင်းဖြစ်ကြောင်း အလုပ်ညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
ပန်းရောင်ကဒ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများကို သက်သေခံလတ်မှတ် ထုတ်ပေးရေး ထိုင်းအစိုးရ လာရောက်ဆွေးနွေးမည်
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024