တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော လူမှုရေးအသင်းအဖွဲ့ဖြစ်သည့် သင်္ဂဟလူမှုကူညီရေး အသင်း အနေဖြင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေရန် အတွက် ဒေသခံ စေတနာရှင် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းလာကြရာ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို စိတ္တသုခကျောင်းတွင် ဒီဇင်ဘာလ (၅)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ အသင်းကို လူငယ်အင်အား (၁၀)ဦးနဲ့ လုပ်ကိုင်နေပါတယ်၊ လောလောဆယ်မှာ အသင်းဝင်ကတော့ (၂၀၇)ဦးရှိပြီး အလှူရှင်ပေါင်း (၅၀)ဦး ရှိပါတယ်၊ အဓိက မြို့မှာ သာရေး၊ နာရေးနဲ့ အခြား လူမှုရေးလုပ်ငန်းတွေ လုပ်ပါတယ်၊ အသင်းထဲမှာရှိတဲ့ အမျိုးသမီးတွေလည်း မြို့မှာ လိုအပ်တဲ့ ဝေယျာဝစ္စတွေ လုပ်ပါတယ်၊ မြို့နယ်အတွင်းမှာ ယာဉ်မတော် တဆမှုတွေဆို အမြန်ဆုံး သွားရောက်ပြီး ကူညီနိုင်ရန်အတွက် လူငယ်တွေခေါင်းဆောင်တွေလည်း ထားထားပါတယ်...."ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ယင်းအခမ်းအနားနှင့် ပတ်သက်၍ သင်္ဂဟလူမှုကူညီရေးအသင်း ဥက္ကဌ ဦးထွန်းလွင်က အသင်းဝင်ဦးရေနှင့် အလှူရှင်များထံမှ လှူဒါန်းသည့် အလှူငွေ စာရင်းများအား ရှင်းလင်းခြင်းများ ပြုလုပ်ပြီး၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်သည်။
အသင်းတွင် သုံးဘီး(ဆမ်လော့)တစ်စီးအား အလှူရှင် တစ်ဦးမှ လှူဒါန်းထားပြီး လိုအပ်သော အကူအညီများ ပေးနေကြောင်း နှင့် မိုင်းဖြတ်မြို့ပေါ်တွင် လူမှုရေးအသင်း (၁)သင်းသာရှိသေးကြောင်း အပြင် အသင်းအား မကြာခင်ကမှ တည်ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ။ ။ ကိုသာ