မြန်မာ - လာအို ချစ်ကြည်ရေး တံတားအနီးရှိ ကျေးရွာ(၃)ရွာမှ တိုင်းရင်းသားများ အနေဖြင့် နေ့စဉ် တံတား ဖြတ်သန်းခမှာ ၀န်ထုတ်ဝန်ပိုး ဖြစ်စေသည့်အတွက် ကင်းလွတ်ခွင့်ပေးနိုင်ရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းရာ ၎င်း၏ အဆိုအား အတည်ပြုပြီး ပြည်နယ်အစိုးရမှ ကင်းလွတ်ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
တောင်ကြီးမြို့တွင် ဒီဇင်ဘာလ(၃)ရက်မှ (၄)ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက ယခုလို အဆိုတင်သွင်းခြင်းဖြစ်သည်။
တာချီလိတ်ခရိုင်၊ မြန်မာ - လာအို နယ်စပ်ဒေသရှိ ကျိုင်းလပ်မြို့တွင် တည်ရှိပြီး မဲခေါင်မြစ်ကို ဖြတ်သန်း တည်ဆောက်ထားသည့် မြန်မာ - လာအိုချစ်ကြည်ရေး တံတားအား ၂၀၁၅ခုနှစ် မေလ(၉)ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတော် သမ္မတ မစ္စတာ ကျူမာလေဆိုင်ရာဆွန်တို့မှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
သတင်း။ ။ သာစည်မျိုးသန့်
ဓါတ်ပုံ။ ။ ပြည်ခိုင်ဖြိုးပါတီ(တာချီလိတ်)