သတင်းဆောင်းပါးရဲ့ ခေါင်းစဉ်ကို တာချီလိတ်မြို့ရဲ့ ပြောင်းလဲမရတဲ့ ယဉ်ကျေးမှု လို့ ပေးထားလိုက်ခြင်းရဲ့ ဝေါဟာရထဲမှာ ယဉ်ကျေးမှု ဆိုတာပါလာပါတယ်၊ ဟုတ်ပါတယ်၊ လူမျိုးတိုင်းမှာ ရိုးရာ ယဉ်ကျေးမှုဆိုတာတွေ ရှိကြပါတယ်၊ အဲ့ဒီတော့ ကျွန်တော့်အနေနဲ့ကလည်း မကောင်းမှု ဒုစရိုက်မှုတွေထဲက တစ်ချို့တစ်လေကို ယဉ်ကျေးမှုထဲ ဆွဲသွင်းပြီး စကားအလှ ဆင်တဲ့အနေနဲ့ ခေါင်းစဉ်တပ်လိုက်ပါရစေ...
"အစ်ကိုရာ ညက ဆိုင်ကယ် ခိုးခံလိုက်ရတယ်၊ ၂၀၁၅ Wave အသစ်စက်စက်ကြီး ကျွန်တော်စီးတာတောင် သိပ်မကြာသေးဘူး"
"ဒါဆို စခန်းတိုင်လိုက်လေ"
"ရဲ တိုင်လို့ မထူးဘူးနဲ့ တူတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့် ဆိုင်ကယ်က လိုင်စင်မဲ့ဗျ၊ ဘယ်လိုလုပ်ရမလဲ မသိဘူး"လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ကျွန်တော့်ကို ပြောလာခဲ့တာပါ။
ဟုတ်ပါတယ်၊ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်က ဆိုင်ခန်းတစ်ခန်းမှာ ရှိတဲ့ ဆိုင်ကယ် ခိုးခံလိုက်ရတာပါ။
"ကျွန်တော့် ဆိုင်ကယ်က လိုင်စင်နဲ့ ဘတ်(၈)သောင်းကျော်တန်တယ်၊ ဆိုင်ကယ်မှာ သော့တန်းလန်း ထားမိလိုက်တာ၊ တခြားမှာတော့ မဟုတ်ဘူး၊ ကျွန်တော့်ဆိုင်ရှေ့မှာပဲ ထားတာ၊ အမျိုးသမီးလည်း ကောင်တာမှာ ရှိနေတယ်၊ ဒါကို အတင့်ရဲတာဗျာ၊ တာချီလိတ်က လုံခြုံမှု မရှိတော့ဘဲ တဖြည်းဖြည်း ကြောက်စရာကောင်းလာပြီလို့ မြင်မိတယ်ဗျာ..."လို့ ဆိုင်ကယ် အလစ်သုတ်ခံလိုက်ရတဲ့ မိတ်ဆွေတစ်ဦးက ကြောက်စိတ်များနဲ့ ပြောလာပါတယ်။
ဟုတ်ပါတယ်၊ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ထဲမှာ ၂၀၁၅ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်က ဖြစ်သွားတာပါ။
အဲ့ဒီတော့ အေးအေးလူလူ မိသားစုအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ အိမ်ထောင်ဦးစီးတွေ၊ အိမ်ရှင်မတွေရော လုံခြုံမှုကို ဘယ်လို စိတ်ကူးပုံဖော်ကြတော့မလဲ။
ကျွန်တော်တို့မြို့ဟာ နယ်စပ်မြို့ဆိုတော့ လူပေါင်းစုံ၊ စရိုက်ပေါင်းစုံနဲ့ မြို့ဧရိယာက တဖြည်းဖြည်း ကြီးထွားလာပြီး လူမှုစရိုက်လည်း မကောင်းတဲ့ ဘက်ကို ဦးတည်လာတဲ့မြို့၊ စီးပွားရေးအတွက် မွေးရပ်မြေကို ကျောခိုင်းပြီး ရေကြည်ရာ၊ မြက်နုရာ ရောက်ရှိလာတဲ့ ရွှေမြန်မာတွေရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်မယ့် စိတ်ကူးတဲ့ အိပ်မက်မြို့တော်ပါ။
ကျွန်တော်တို့မြို့မှာ တစ်ခြား မြို့တွေလို ထိန်းသိမ်းမရတဲ့ ယဉ်ကျေးမှု(၃)ခု ထွန်းကားလာခဲ့တာ အခုချိန်ဆို အမြစ်ကို ရှာလို့မရအောင် နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့ပါပြီ၊ ဒီယဉ်ကျေးမှုကတော့ ဂိမ်းဆိုင်ယဉ်ကျေးမှု၊ မူးယစ်ဆေးဝါးယဉ်ကျေးမှု နဲ့ ဆိုင်ကယ်ခိုးတဲ့ ယဉ်ကျေးမှုတွေပါ။
မြန်မာနိုင်ငံရဲ့ မြို့တိုင်းမှာ တရုတ်စာတွေနဲ့ ရေးသားထားတဲ့ လောင်းကစား ဂိမ်းခုံတွေ၊ ငါးမန်းခုံတွေဟာ ဒလဟော ၀င်ချလာပါတယ်၊ ဒါနဲ့ပတ်သက်ပြီး မြို့တိုင်းမှာလဲ ခိုး၊ ဆိုး၊ နှိုက်တွေ ပိုမိုပေါများလာပြီး ထိန်းချုပ်မှု မဲ့လာတယ်၊ ဒီကိစ္စဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တယ်လို့ ခေါင်းစဉ် တပ်လွယ်ပေမယ့် တကယ်တမ်းတော့ ကျွန်တော်တို့ ကိုယ်တိုင်က လက်ခံလိုက်တဲ့ ယဉ်ကျေးမှု တစ်ခုဆိုတာ ဘယ်သူမှ ငြင်းဆန်လို့ မရပါဘူး။
ဒီလိုပြဿနာရပ်ကို တရားဥပဒေစိုးမိုးရေး အဖွဲ့တစ်ဖွဲ့တည်းက ဖြေရှင်းလို့ မရနိုင်တာ အသေအချာပါ။ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်မှ ဖြေရှင်းနိုင်မှာပါ။
ကျွန်တော်တို့မြို့မှာ သော့တန်းလန်းနဲ့ ဆိုင်ကယ်ရပ်ပြီး ကွမ်းယာ၊ ဆေးလိပ်ဝယ်တုန်း လှည့်အကြည့်မှာ ဆိုင်ကယ် မရှိတော့ဘူး၊ အိမ်တံခါးသော့ဖွင့်နေတုန်း ဆိုင်ကယ်လှည့် အကြည့်မှာ မရှိတော့ဘူး၊ ဆိုင်ကယ်တွေဟာ ပေါများလာတာနဲ့ အမျှ လူတွေရဲ့ လက်လွတ် စပယ်ထားရှိမှုဟာ ခိုးသူတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
သူခိုးကို မခိုးအောင် ပြောလို့ မရနိုင်ပါဘူး။ ခိုးလို့ ထောင်ချလဲ ဒီခေတ်ကြီးထဲမှာ လွတ်ငြိမ်းခွင့်တွေနဲ့ ပြန်လည်လွတ်မြောက်လာစမြဲမို့ သူတို့အတွက် ထောင်ဟာ ကြောက်စရာလို့ မမြင်တော့ပါဘူး။
"ထောင်ချလဲချပေါ့ဗျာ ကျွန်တော်တို့လို နှစ်ငယ်သမားတွေက ခဏဆိုလွတ်ပြီ လျှော့ရက်နဲ့ လွတ်ငြိမ်းလျှော့တာနဲ့ ဆိုခဏဘဲ ဆိုင်ကယ်ခိုးလို့ အလွန်ဆုံးကျ (၃)နှစ်ပေါ့ဗျာ"
ကျွန်တော်နားထဲကြားယောင်မိတဲ့ ဆိုင်ကယ်ခိုးသူ တစ်ဦးရဲ့ စကားသံပါ။
တာချီလိတ်မှာ ဆိုင်ကယ်ခိုးသူတွေဟာ အရင်က နေအိမ်တွေမှာရှိတဲ့ ဆိုင်ကယ်တွေကို ပစ်မှတ်ထားပေမယ့် အခုနောက်ပိုင်း လူမြင်ကွင်းမှာ ဆိုင်ကယ်ယူသွားတာတို့ လမ်းမှာရပ်ထားတာ ယူသွားတာတို့တွေ ဘာ့ကြောင့်ရှိလာတာလဲ၊ ဘာ့ကြောင့်ရဲတင်းလာတာလဲ ဆိုတာစဉ်းစားရမယ့် ကိစ္စပါ၊ ကျွန်တော်တို့ ငယ်စဉ်က ကြားဖူးတာ ဆိုင်ကယ်သူခိုး အများစုဟာ ထိုင်းနိုင်ငံက ဆိုင်ကယ်တွေကို ပစ်မှတ်ထားလေ့ရှိပြီး မယ်ဆိုင်ချောင်းကို ဖြတ်သယ်တယ်ဆိုတာပါဘဲ။
သူတို့ပစ်မှတ်ဟာ ချင်းရိုင်း၊ ချင်းစဲန် နဲ့ မယ်ဆိုင်မြို့တွေဖြစ်ပေမယ့် အခုဘာကြောင့် တာချီလိတ်မြို့တွင်းမှာ ကျယ်ပြန့်လာတာလဲ၊
တကယ်တမ်းပြောရရင် မူးယစ်ဆေးဝါးရဲ့ တိုက်တွန်းလှုံ့ဆော်မှုတွေပါဘဲ။ စိတ်ကြွဆေးပြားသုံးစွဲပြီးရင် သတ္တိဆိုတာ ထွက်လာပြီး သူလုပ်ချင်တဲ့ အလုပ်ကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပေါင်းသွားတော့ လူမြင်ကွင်းမှာ ဆိုင်ကယ်တွေ ဆွဲယူရဲတဲ့သတ္တိတွေ ထွက်ပေါ်လာတာပါ။
နောက်တစ်ခု သူတို့ ခိုးယူခဲ့တဲ့ ဆိုင်ကယ်တွေ ဘယ်မှာ ရောင်းချသလဲ၊ လွယ်ကူတဲ့မေးခွန်းပါဘဲ ဘာကြောင့်လဲဆိုတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဂိမ်းဆိုင်တွေရှိနေသမျှ ရောင်းချလို့မရရင် ပေါင်နှံကြမှာပါဘဲ။
ကျွန်တော့် သူငယ်ချင်း ဆိုင်ကယ်ပျောက်သွားတယ်၊ သိပ်မကြာဘူး (၂)ရက်ကြာတော့ပြန်တွေ့တယ်တဲ့ မေးကြည့်ပါတယ်၊ မင်းဘယ်လိုပြန်တွေ့တာလဲဆိုတော့ လွယ်လွယ်လေးပါကွာ ဂိမ်းဆိုင်တွေမှာ လိုက်ရှာ လိုက်တာပေါ့ ပေါင်တဲ့နေရာတွေ လိုက်စုံစမ်းလိုက်တယ်၊ ပြန်တွေ့တာဘဲ၊ ဒါပေမယ့် ကိုယ့် ဘာသာ ကိုယ် ပြန်ရွေးလိုက်တယ်၊ ပေါင်တဲ့ကောင်က ဘတ်(၅)ထောင်နဲ့ ပေါင်သွားတာတဲ့ တကယ်တမ်းက (၃)သောင်းကျော်တန်တာကွ.."ဟု သူငယ်ချင်းဖြစ်သူက ပြောပြပါတယ်။
ကျွန်တော်တို့မြို့လေးကို တစ်ရက် ပြည်တွင်းက လူဦးရေ(၁၀၀၀)ကျော် အ၀င်အထွက်နဲ့ ထိုင်းနိုင်ငံက (၅၀၀) ကျော် အ၀င်အထွက်ရှိတာ ဒီလမ်းကြောင်းတွေကနေ မြန်မာနိုင်ငံအနှံ့အပြားက လူပေါင်းစုံ ၀င်ထွက်နေမှတော့ တစ်နိုင်ငံလုံးက လွတ်ငြိမ်းတွေနဲ့ လွတ်လာတဲ့သူတွေလည်း ရောက်လာမှာပဲလေ။
တကယ်တမ်း ဆိုင်ကယ်ပျောက်တိုင်း တရားဥပဒေစိုးမိုးရေး အဖွဲ့ကို အပြစ်တင်လို့ မရပါဘူး။ တကယ်တမ်း တာဝန်ယူရမှာက နိုင်ငံသားတိုင်းရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေပါ။ ကျွန်တော်တို့ နိုင်ငံသားတွေဟာ ငယ်စဉ်ကတည်းက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ သွန်သင်မှုတွေနဲ့ ကြီးထွားလာပေမယ့်၊ စံနစ်ဆိုးတစ်ခုရဲ့ ရိုက်ခတ်မှုကြောင့် မထေမဲ့မြင်ပြုလုပ်မှုတွေ ဥပဒေဘောင်ပြင်ပ နေထိုင်မှုတွေဟာ ကိုယ်မသိလိုက်ပေမယ့် မိမိကိုယ်တိုင် ရောက်ရှိနေကြပါတယ်။
ဂိမ်းဆိုင်တွေဆိုတာ ဆော့တဲ့သူရှိလို့ ဖွင့်တာပါ။ ဆော့တဲ့သူတွေ မဆော့တော့ရင် သူတို့လည်း ပိတ်ကြရမှာဘဲ။ ကျွန်တော်တို့ရဲ့ ငွေကို လွယ်လွယ်ကူကူ ဖြုန်းချင်တဲ့ စိတ်တွေရှိနေရင်၊ လွယ်လွယ်ကူကူ လိုချင်တဲ့ စိတ်တွေရှိနေသမျှ ဒီလောင်းကစား ယဉ်ကျေးမှုနဲ့ မူးယစ်ဆေးဝါး ယဉ်ကျေးမှုက ပျောက်ဆုံးနိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ကိုယ်တိုင် မကျူးလွန်ရင်တောင် အနီးအနားက မိတ်ဆွေတွေကို မပြုလုပ်ဖို့ အနည်းဆုံး စကားတစ်ခွန်းနဲ့ တားမြစ်နိုင်ပါတယ်။
ဒီယဉ်ကျေးမှုကို တစ်ဦးတစ်ယောက်ချင်းစီက မနှစ်သက်ဘူးလို့ ငြင်းဆန်လိုက်ရင် အချိန်တန် ကွယ်ပျောက်သွားမယ်လို့ ယုံကြည်မိပါတယ်။
ကျွန်တော်တို့ ပြောင်းလဲချိန်တန်ပြီဆိုပြီး ဆန္ဒမဲတွေပေးခဲ့ကြတယ်၊ တကယ်တမ်း ကျွန်တော်တို့ပြောင်းရမှာ ကျွန်တော်တို့က စတင်ရမှာပါ။ ကျွန်တော်တို့ အနီးအနားမှာ ရှိတဲ့ မကောင်းတဲ့ ယဉ်ကျေးမှုတွေ ဓလေ့စရိုက်တွေကို အခုကစပြီးပြောင်းလဲလိုက်ကြပါစို့။