ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဝမ်ကျောင်ကျေးရွာ၌ ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်(၃)နာရီကျော်က မော်တော်ယာဉ် တစ်စီးမှ အရှိန်ပြင်းစွာ ဓါတ်မီးတိုင်အား ဝင်တိုက်မိရာ ဓါတ်တိုင်များ ယိုင်လဲကျိုးကျ ပျက်စီးခဲ့ရသည့် အတွက် တာချီလိတ်၌ လျှပ်စစ်မီး ပုံမှန်ရရှိမှုမှာ (၂)ရက်မှ (၃)ရက်အထိ ကြာမြင့်မှာ ဖြစ်ကြောင်း မြန်မာ - ထိုင်းမီးလင်းရေးတို့မှ အသိပေး ကြေညာထားခဲ့ပြီးနောက် အမြန်ဆုံးပြုပြင် ဆောင်ရွက်မှုများကြောင့် ယနေ့ ဒီဇင်ဘာလ(၁၁)ရက် ညပိုင်းမှ စ၍ လျှပ်စစ်မီးအား (၂၄)နာရီ ပုံမှန် ရရှိတော့မှာ ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များမှ လွဲ၍ လျှပ်စစ်မီး ပြတ်တောက်တော့မှာ မဟုတ်ကြောင်း တာချီလိတ်မီးလင်းရေးရုံးမှ သိရသည်။
"ထိုင်းဘက်က အမြန်ဆုံး ပြုပြင်ပြီးပြီ ဖြစ်တာကြောင့် မီးလင်းရေး အပိုင်း(၁)က မီးလိုင်းက တံတား(၁)ကနေ လာတာဖြစ်တဲ့အတွက် အရင်ရပါတယ်၊ အခု မီးတွေ လိုက်ဖွင့်ပေးနေပါပြီ၊ သဘာဝဘေး အန္တရာယ်ကြောင့်ကလွဲရင် မီးပျက်မှာ မဟုတ်တော့ပါဘူး..."ဟု မြို့မီးလင်းရေးကော်မတီမှ ဦးထိန်မင်းက အသိပေးပြောကြားလာသည်။
မီးလင်းရေးအပိုင်း(၁)တွင် မြို့ပေါ်ရပ်ကွက်များထဲမှ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်တို့ ပါဝင်သည်။
"မီးလင်းရေး အပိုင်း(၂)ရဲ့ မီးလိုင်းက တိုးနယားကွင်းဘက်က လာတာဖြစ်တဲ့အတွက် အပိုင်း(၁)နဲ့ မတူပါဘူး၊ သူတို့ဘက်က နည်းနည်းတော့ နောက်ကျနိုင်ပေမဲ့၊ သိပ်မကြာခင်မှာ အားလုံးကို ဖွင့်ပေးနိုင်တော့မှာ ဖြစ်ပါတယ်၊"ဟု ဦးထိန်မင်းက ပြောသည်။
မီးလင်းရေး အပိုင်း(၂)တွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ၀ိန်းကျောက်ရပ်ကွက်မှ စ၍့ မြို့ပြင်ရပ်ကွက်များအထိ ပါဝင်သည်။
တာချီလိတ်မြို့တွင် သဘာဝဘေးကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုများ နှင့် ယခုလို မော်တော်ယာဉ်မှ လျှပ်စစ်ဓါတ်တိုင်အား အရှိန်ပြင်းစွာ တိုက်မိသည့် ဖြစ်စဉ်များကြောင့် တာချီလိတ်၌ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားလေ့ရှိတယ်။
Photo: PEA