ထိုင်းနိုင်ငံ ဇင်းမယ်တက္ကသိုလ် မြန်မာစင်တာ၊ အာဆီယံစင်တာ နှင့် ဇင်းမယ်မြို့ မြန်မာကောင်စစ်ဝန်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် ထိုင်းဘာသာစကား၊ ယဉ်ကျေးမှုနှင့် ထိုင်းနိုင်ငံဥပဒေ အကြောင်းအရာ သင်တန်းကို ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ရွေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသားများ အတွက် ရည်ရွယ်ပြီး အခမဲ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းအား ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့မှ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိ တစ်ရက်လျှင် (၃)နာရီအကြာ သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
သင်ကြားမှုနှင့် ပတ်သက်၍ "သင်ကြားပေးမှာကတော့ ချင်းမိုင်တက္ကသိုလ်က မြန်မာလို တတ်တဲ့ ဆရာ၊ဆရာမတွေက လာသင်ပေးမှာပါ၊ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားများကို ထိုင်းဥပဒေအကြောင်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ သိရှိသွားအောင်လို့ အခမဲ့ သင်ပေးမှာပါ၊"ဟု ချင်မိုင်းမြို့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်ကြီးကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးပဏ္ဍိတက မိန့်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာဘုန်းကြီးကျောင်းဖြစ်သည့် ၀ပ်ဆိုင်းမွန်းဘုန်းကြီးကျောင်းတွင် သင်တန်းပို့ချမှာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ တစ်နေ့တည်းတာ ပို့ချမှာဖြစ်သည်။
"သင်ကြားပေးမှာကတော့ ဦးဇင်းတို့ ကျောင်းမှာပါပဲ၊ လာရောက်သင်ယူချင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လက်မှတ်ရှိရင် ကောင်းတာပေါ့၊ လက်မှတ်မရှိ၊ အထောက်အထားမရှိဘဲ လာသင်ယူလို့ လမ်းမှာ ရဲဖမ်းခံရရင် မကောင်းဘူးပေါ့.."ဟု ဆရာတော် ဦးပဏ္ဍိတက ဆက်လက်မိန့်သည်။
သင်တန်းအား တက်ရောက်လိုသူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားများအနေဖြင့် ဇင်းမယ်တက္ကသိုလ် မြန်မာစင်တာ နှင့် ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းတို့တွင် ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ကြောင်း နှင့် 053-943276 ၊ 083-5665761 နှင့် 089-5610007 တို့တွင်လည်း ဖုန်းဖြင့် ဆက်သွယ်ကာ မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။