ရှမ်းပြည်အလယ်ပိုင်း စစ်ဘေးရှောင် ဟိုက်ပါးစခန်းသို့ တာချီလိတ်မှ စေတနာရှင်များ သွားရောက် လှူဒါန်း

ရှမ်းပြည်အလယ်ပိုင်း စစ်ဘေးရှောင် ဟိုက်ပါးစခန်းသို့ တာချီလိတ်မှ စေတနာရှင်များ သွားရောက် လှူဒါန်း
ဒီဇင်ဘာ 14, 2015
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေသည့် ဒေသခံပြည်သူများအား တာချီလိတ်ရှိ စေတနာရှင်များမှ စုပေါင်းလှူဒါန်းထားသည့် အလှူငွေနှင့် ပစ္စည်းများအား ဒီဇင်ဘာလ(၁၂)ရက်နေ့က ဟိုက်ပါစစ်ဘေးရှောင်စခန်းသို့ လူမှုရေးအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

"နိုဝင်ဘာလ အတွင်းက ဂစ်တာတီးပြီး အလှူခံထားတာနဲ့ တာချီလိတ်က လှူထားတဲ့ပစ္စည်းတွေကိုပေါင်းပြီး သွားလှူတာပါ၊ အဓိက ဒုက္ခသည်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အနွေးထည်တွေလို အပ်နေတုန်းပါပဲ။ ဒုက္ခသည် အများစုက နေရပ်ပြန်ချင်နေကြတာ များပါတယ်၊ အဲ့ဒီအတွက် သက်ဆိုင်ရာများ အနေနဲ့ အမြန်ဆုံးညှိနှိုင်းပြီး စီစဉ်ပေးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ.."ဟု ဟိုက်ပါ စစ်ဘေးရှောင်စခန်း အထိ သွားရောက် လှူဒါန်းခဲ့သည့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

တာချီလိတ်မြို့မှ မဇ္ဈိမလူမှုကူညီရေးအသင်းနှင့် ရှမ်းပြည်လူငယ်ကွန်ရက်တို့ စုပေါင်းကာ စေတနာရှင် ပြည်သူများက စုပေါင်းလှူဒါန်းလာသည့် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

"မိုင်းရှူးမြို့နယ်မှာရှိတဲ့ ဟိုက်ပါစစ်ဘေးရှောင်စခန်းမှာ တန်ဖိုးငွေကျပ်သိန်း(၂၀)ဖိုးရှိတဲ့ ထောက်ပံ့ပစ္စည်းများကို လှူဒါန်းခဲ့ပါတယ်။ အဲဒီအပြင် မိုင်းရှူးမြို့၊ ရပ်ကွက်(၄)မှာရှိတဲ့ စစ်ဘေးရှောင် စခန်းမှာလည်း ကျန်းမာရေး ဆေးဖိုးဝါးခအနေနှင့် နမ့်ခုံးရှမ်းများ ပရဟိတအသင်းကို ကျပ်(၃)သိန်းလှူဒါန်းပေးခဲ့ပါတယ်"ဟု ဦးတင့်ဆွေက ပြောသည်။

စစ်ဘေးရှောင်များသည် တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ အောက်တိုဘာလ (၁၀)ရက်နေ့က စတင် ထွက်ပြေးလာခဲ့ခြင်းဖြစ်ရာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည်မှာ နှစ်လ ကျော်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

"အ၀တ်အစားနဲ့ စားသောက်စရာ ပြည့်စုံပါတယ်။ လာလှူတဲ့ လူတွေထဲမှာ အများဆုံးလာလှူတာတော့ ဆန်၊ ဆီ၊ ဆားပေါ့။ အသီးအနှံတွေက အနီးအနားက လယ်တွေက ထွက်တော့ ဟိုက်ပါရွာထဲက အမျိုးတွေလာပေးကြတယ်။ အသားကတော့ တစ်ခါတစ်လေမှ စားရတယ်။ အိမ်ပြန်ချင်ပေမဲ့ မြန်မာစစ်တပ်က ရွာနားမှာရှိတယ်ကြားလို့ မပြန်ရဲသေးဘူး"ဟု တာဆန်ဖူးကျေးရွာသူ မနန်းအွန်က ဆိုသည်။

မိုင်းရှုးမြို့နယ်ရှိ ဟိုက်ပါစစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၁,၅၂၈)ဦးရှိပြီး အများစုမှာ တာဆန်ဖူး၊ နောင်ခတ်၊ နမ့်ပါမူး၊ ကုန်းနင်ကျေးရွာများမှ ရွာသားများ အများစုဖြစ်ကြောင်း သိရသည်။

မိုင်းရှုးမြို့နယ်အတွင်း အောက်တိုဘာလ အတွင်းကတည်းက မြန်မာ့တပ်မတော်နှင့် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်ပြီး ဒီဇင်ဘာလဆန်းပိုင်းမှ တိုက်ပွဲများ ရပ်တန့်သွားခြင်း ဖြစ်သည်။

မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA သည် ၂၀၁၂ ဇန်န၀ါရီ ၂၈ ရက်တွင် အစိုးရနှင့် ပြည်နယ် (ပဏာမအဆင့်)၊ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမရှိသည့်အဖွဲ့ဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA)ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသား တပ်ဦး ( CNF)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)တို့ နေပြည်တော်၊ MCC II ခန်းမ၌ အောက်တိုဘာလ ၁၅ ရက်က လက်မှတ် ရေးထိုးလိုက်ကြခြင်း ဖြစ်သော်လည်း အပစ်ရပ်စာချုပ် လက်မှတ်မထိုးသည့် အဖွဲ့များလည်း ကျန်နေခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~