အချိန်က ည ၇နာရီခွဲ။
အင်းစိန်ဘူတာရုံထဲတွင် ရထားစီးမည့် ခရီးသည်တစ်ဦးစ နှစ်ဦးစသာ ကျန်တော့ပြီး ဘူတာအနီး မီးတိုင် အောက်တွင် အသက် (၁၂) နှစ်ခန့်အရွယ် ကလေးတစ်ဦးက လွယ်အိတ်ဘေးတစောင်းလွယ်ကာ ပလက်ဖောင်းပေါ် ထိုင်၍ တစ်စုံတစ်ခုကို အငမ်းမရစားနေသည်။
အနီရောင်စပို့ရှပ်အင်္ကျီနှင့် ကျောင်းစိမ်းဘောင်းဘီတိုလေးဝတ်ထားသည့် ကောင်လေး ပလက်ဖောင်းပေါ် ထိုင်ပြီး အားပါးတရ စားနေတာက မြို့ပတ်ရထားပေါ်တွင် သူနေ့စဉ်ရောင်းချနေသည့် တစ်ထုပ်လျှင်(၅၀) ကျပ်တန်ငါး မုန့်ကြော်ထုပ်လေးဖြစ်သည်။
သူ့တွင် အရသာခံဖို့ အချိန်မရကြောင်း ခပ်သွက်သွက်စားနေပုံကို ကြည့်၍ သိနိုင်သည်။ ဘေးတွင် ပလတ်စတစ် ကြိုးလေးဖြင့် တွဲထားသည့် ငါးမုန့်ကြော် အထုတ်(၉)ထုပ်ကို မြင်နေရသေးသည်။
“သား ရထားမှာ ဈေးရောင်းတာ ကြာပြီ။ ရာသီအလိုက်ပေါ့၊ အမေက ငါးမုန့်အငှားကြော်တယ်။ အဖေက အရက်သောက်ပဲ သောက်နေတယ်။ ညီမလေးက ၆ နှစ် ဘူတာအောက်မှာ ဈေးရောင်းတယ်။ သား ခုကျောင်း မနေတော့ဘူး။ သား ၄ တန်း လောက်ပဲ ကျောင်းတက်ခဲ့တယ်”ဟု ဖိုးသာ (အမည်လွဲ)က မုန့်စားနေရင်း ပလုတ်ပလောင်းဖြင့် ပြောသည်။
သူ့ဘ၀တွင် မိသားစု (၅)ဦးရှိကာ သူ့အဖေမှလွဲ၍ သူနှင့်သူ့ညီ၊ ညီမလေးတို့က အကုန်အလုပ်လုပ်ရသည်။ နေရတော့လည်း ဈေးသက်သာသည့် တညင်းကုန်းဘူတာဈေးနားတွင် ဆင်းဆင်းရဲရဲ တဲထိုးနေရသည်။ ၆နှစ် အရွယ်ရှိ ညီမလေးနှင့် မတိမ်းမယိမ်း ညီလေးကလည်း ဘူတာအောက်တွင် ဈေးရောင်းရသည်။ သူလည်းနေ့စဉ် မနက်တိုင်းအမေ အကြော် ကြော်တာကို ကူရသည်။ နေ့ခင်း (၁)နာရီလောက်တွင် ငါးမုန့်ရောင်းရန် ရထား ပေါ်တက်ရသည်။
သူပြန်ရောက်ချိန်သည် ငါးမုန့်အားလုံးကုန်ချိန်။ ခုချိန်ထိ မုန့်အားလုံးမကုန်သေး။ ဒီည အင်းစိန်ဘူတာတွင် ဆိုက်မည့် လှော်ကားနောက်ဆုံးရထားတွင် အကုန်ရောင်းနိုင်မှသာ နေ့တွက်ကိုက်ပေမည်။ သူ့တစ်နေ့ ရောင်းရသည့် မုန့်တွဲသည် မုန့်ထုပ်(၃၀၀) ကျော်သည်။ မကျိုးမပဲ့အောင်လည်း သတိထားရသည်က တစ်မျိုး၊ ရထားပေါ်ပြေးတက် ရသည်က တစ်မျိုး တကယ်တော့ ကလေးတစ်ယောက်အတွက် အန္တရာယ် များလွန်းသည့် အလုပ်ဖြစ်သည်။
ဒါပေမဲ့ သူ့အတွက် ပိုက်ဆံရဖို့သာ အရေးကြီးသည် မဟုတ်လား။ ဖြစ်နိုင်လျှင် သူအိမ်မြန်မြန်ရောက် ချင်နေပြီ။ ဒီနေ့မှ ကံဆိုးစွာ ရထားက နောက်ကျနေသည်။ သူ့မျက်လုံးများက စကားပြောနေရင်း ရထားလာမည့် ဘက်သို့သာ မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေသည်။
ထိုစဉ် ကောင်းကင်တွင် လေယာဉ်ပျံတစ်စီး ပျံတက်သွားသံကြောင့် ဖိုးသာအာရုံသည် ထိုဆီရောက်သွားပြီး မော့ကြည့် လိုက်သည်။
“သား ရထားပေါ်မှာ ဈေးရောင်းတာ ရာသီချိန်အစားအစာ အကုန်ရောင်းတယ်။ ပြောင်းဖူးချိန် ပြောင်းဖူး ရောင်းတာပဲ။ နေ့တိုင်း ဒီအချိန်ပဲ ပြန်ရတယ်။ ဟိုး လေယာဉ်ကြီးကဘယ်လိုပျံတာလဲဟင်။ ဦး လေယာဉ် စီးဖူးလားဟင်။ သား လေယာဉ်မောင်းချင်လိုက်တာ” ဟု ဖိုးသာ က မျှော်လင့်ချက်များကို လေသံ ဖျော့ဖျော့လေးဖြင့် ပြောလိုက်သည်။
ဝမ်းနည်းစရာက သူ့အတွက် မျှော်လင့်ချက်က ဝေးနေသည်။
သူစကားပြောနေချိန်တွင် ကောင်းကင်ကို ပျံတက်သွားသည့် လေယာဉ်ပျံကြီးကို မြင်သွားပြီးမေးလိုက်သော စကားလုံးများက ကလေးငယ်၏ ဆန္ဒကို ဖော်ပြနေသည်။ တကယ်တော့ ဖိုးသာလေးအရွယ်သည် ကျောင်းတွင် စာသင်ရမည့် အရွယ်၊ သူအခုလွယ်ထားသည့် ကျောင်းလွယ်အိတ်ထဲတွင် ပိုက်ဆံတွေအစား ကျောင်းစာအုပ်များက နေရာယူရမည့်အချိန်၊ ဒါမှသာ သူဖြစ်ချင်သည့် လေယာဉ်မောင်းဘ၀ကို တွန်းပို့ ပေးနိုင်မည်ဖြစ်သည်။
သို့သော်လည်း လက်တွေ့အခြေအနေသည် သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် ဝေးကွာ လွန်းနေသည်။ သူ့လိုပဲ ရထားပေါ်တွင် သတင်းစာ၊ ရေခဲရေ၊ မြေပဲပြုတ်၊ ပြောင်းဖူးပြုတ်တွေရောင်းရင်း အရွယ်မတိုင်ဘဲ ဘ၀ကို ကြမ်းတမ်းစွာ ဖြတ်သန်းနေရသည့် ကလေးများက တစ်ပုံတစ်ပင် ကျန်ရှိနေသည်။
အားလုံးသည် နည်းပေါင်းစုံဖြင့် ဘ၀ကိုရပ်တည်နေရပေမဲ့ ကလေးတိုင်း၏ ရင်ထဲတွင် ဆန္ဒတစ်ခုစီကတော့ ကိန်းအောင်းနေမည်က အမှန်ပင်။ ဒီိလို ဈေးရောင်းကြရင်း ဘ၀ကို လမ်းကြောင်းမှန်ဖြင့် ခရီးဆက် နိုင်ခဲ့သော ကလေးများရှိသလို လမ်းကြောင်း ပြောင်းကာ အပေါင်းအသင်းကြောင့် မူးယစ်ဆေးဝါး စွဲသွားသည့် ကလေးများလည်း ရှိနေသည်။ ဘာကြောင့် ဒီလို ဖြစ်ခဲ့ပါသနည်းဆိုလျှင် ဆုံးမမည့်သူ မရှိ၊ ငွေကို အကျိုးရှိအောင်သုံးနိုင်သည့် အသိပညာရှိရန် ဖတ်နိင်သည့် စာပေမရှိ၊ အမှန်၊အမှား ဆုံးဖြတ်နိုင်သည့် သညာမရှိခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် မျှော်လင့်ချက် အိပ်မက်နှင့် လက်တွေ့ဘ၀တွင် ပညာသင် ကြားခွင့်မရသော ကလေးများ၏ အိပ်မက်များ အကောင် အထည်ဖော် နိုင်ဖို့မည်သို့လုပ်ဆောင်သင့်သနည်း။ ထိုကလေးငယ်မျိုး ပိုများ လာမည် ဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ်သည် မည်သို့ဖြစ်လာမည်နည်း။ ၎င်းအချက်သည် မြန်မာ နိုင်ငံအနာဂတ်အတွက် စိုးရိမ်စရာပင်။
၂၀၁၂ ခုနစ် UNICEF၏ စာရင်းများအရ မြန်မာနိင်ငံတွင် မူလတန်းကျောင်း မပြီးသေးသည့် ကလေးအရေအတွက်သည် မူလတန်းအရွယ်ကျောင်းတက်နိင်သည့် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိရှိ နေသေးကြောင်း ဖော်ပြထားပြီး ၂၀၁၂ ခုနှစ်(CESR) စာရင်းအရ မြန်မာနိင်ငံတွင်း ကလေးများ ကျောင်းနှုတ် ထွက်နှုန်းသည် Grade 1 တွင် ၁၄ ရာခိုင်နှုန်း ၊Grade 2 နှင့် 3 တွင် ၅.၃ရာခိုင်နှုန်း၊ Grade 4 တွင် ၆.၂ရာခိုင်နှုန်း၊ Grade 5 တွင် ၂၁.၇ ရာခိုင် နှုန်း၊ Grade 6 တွင် ၆.၁ ရာခိုင်နှုန်း၊Grade 7 တွင် ၅.၂ရာခိုင်နှုန်း၊ Grade 8တွင် ၆.၈ရာခိုင်နှုန်း Grade 9 တွင် ၆.၆ ရာခိုင် နှုန်း၊ Grade 10 တွင် ၄.၉ရာခိုင်နှုန်း နင့် Grade 11တွင် ၁၇.၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
"ကိုယ့်ကလေးကို ကျောင်းထားချင်တာပေါ့။ ဒါပေမဲ့ စီးပွားရေးက တစ်နေ့လုပ် တစ်နေ့စားဆိုတော့ နောက်နေ့စာ မမြင်ရဘူး။ ကျပ်တည်းရတဲ့ကြားထဲ အငယ်လေးက ငှက်ဖျားဝင် အပြင်းဖျားတော့ သမီးအကြီးက (၇)တန်း မှာကျောင်းထွက်လိုက်ရတယ်။ နောက်တော့ စီးပွားရေးအရ ရန်ကုန် တက်လာတော့ အကြီးမက ကျောင်းမတက်တော့ဘဲ အထည်ချုပ်စက်ရုံမှာ အလုပ်ဝင်လုပ်တယ်။ အငယ်လေးကလည်း ၅ တန်းမှာ ကျောင်းထွက်ခိုင်းလိုက်တယ်။ သူ့အဖေကတော့ အငယ်လေးကို ပြန်တက်စေချင်ပေမဲ့ ဘာထူးလဲ ဆော့တာက များနေတော့ ကျောင်း တက်ခိုင်းလည်း ထူးချွန်မှာ မဟုတ်ဘူး။ စာဖတ်ရင်လည်း ပြန်ပြန်မေ့တယ်။ ဥာဏ်မကောင်းတော့ ကျောင်းပြန်မတက်ခိုင်းတော့ဘူး။ အခု ပန်းရံလိုက်လုပ် ခိုင်းထားတယ်။ တစ်နေ့ ၄၀၀၀ လောက်ရတယ်။” ဟု ရွှေပြည်သာ မြို့နယ်က ဒေါ်ခိုင်ပုက သူ့မိသားစု အကြောင်းကို ပန်းကန်ဆေး ရင်းပြောပြနေသည်။
မြန်မာနိင်ငံတွင် ၂၀၁၂-၂၀၁၃ နှင့် ၂၀၁၄-၂၀၁၅ပညာသင်နှစ်တို့တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားအပ်နှုန်း အခြေပြ ဇယားအရ မူလတန်းပညာသင်ကြားသည့် ကျောင်းသား ဦးရေသည် တက္ကသိုလ်ရောက်ချိန်တွင် ကျောင်းဝင်စ၌ ကျောင်းတက်သည့် ဦးရေ၏ ၁၀ ရာခိုင်နူန်းသာ ရှိတော့ကြောင်း သမ္မတအကြံပေး၊ ပညာရေးကဏ္ဍ အကြံပေးခေါင်းဆောင် ဒေါက်တာဒေါ်ရင်ရင်နွယ်က စီးပွားရေးပညာရှင်များ တွေ့ဆုံပွဲတွင် ပြောကြားထားသည်။
“ဆင်းရဲတဲ့ ဒေသတွေမှာဆို ကျောင်းရှိရင် ဆရာက မရှိ၊ ဆရာရှိရင်လည်း တခြား အလုပ်တွေနဲ့။ ခုထိ စိတ်ဓါတ် အပြည့်အ၀နဲ့ ကောင်းတဲ့ဆရာ၊ ဆရာမတွေရှိပါသေးတယ်။ ထိန်းချုပ်မှုမှာ အစိုးရဘက်က အားနည်းတယ်လို့မြင်တယ်။ ကလေးတွေက (၄) တန်းမှာအများကြီး ထွက်ကုန်တယ်။ (၁၀)တန်းမှာလည်း အများကြီးထွက်ကုန်တော့ တက္ကသိုလ်လည်းရောက်ရော တက်နိုင်တဲ့ကျောင်းသားက မူလတန်းကတည်းက ထက်စာရင် ၁၀ ရာခိုင်နှုန်း လောက် ပဲ ကျန်တော့တယ်”ဟု နိုင်ငံတော် သမ္မတ၏ ပညာရေးကဏ္ဍ အကြံပေးခေါင်းဆောင်ဒေါက်တာဒေါ်ရင်ရင်နွယ်ကပြောခဲ့သည်။
၂၀၁၃ -၂၀၁၄ ခုနစ် ပညာသင်နှစ်တွင် မူလတန်းကျောင်းအပ်နှုန်းသည် ၁၀၈.၅၆ရာခိုင်နှုန်း၊ အလယ်တန်းတွင် ၆၃.၀၃ ရာခိုင်နှုန်းနှင့် အထက်တန်းတွင် ၃၆.၀၃ရာခိုင်နှုန်းရှိပြီး ၂၀၁၄-၂၀၁၅ ခုနစ် ပညာသင်နှစ်၌ မူလတန်းတွင် ၁၁၂.၃၄ရာခိုင်နှုန်း၊ အလယ်တန်းတွင် ၆၉.၈၂ရာခိုင်နှုန်း၊ အထက်တန်းတွင် ၄၁.၉၄ ရာခိုင်နှုန်းခန့်သာ အနည်းငယ်တိုးလာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ အစိုးရသစ်တက်လာပြီးနောက် ပညာရေးနင့် ကျန်းမာရေးကဏ္ဍနှစ်ခုလုံးတွင် နှစ်စဉ် ဘတ်ဂျက်ငွေသုံးစွဲမှုသည် အထိုက်အလျောက် ပွင့်လင်းစွာ ချပြလာသည်ကိုတွေ့ရပြီး ၂၀၁၀-၂၀၁၁ ခုနှစ် ပညာသင်နှစ်ထက် ၂၀၁၄-၂၀၁၅ ခုနှစ်ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ငါးဆတိုး၍ ဆောင်ရွက်လာသည်။
သို့သော် UNESCO/ UIS & Ministry of Education 2014 အရ မြန်မာနိုင်ငံသည် အိမ်နီးချင်း အာဆီယံ နိုင်ငံများနင့် နှိုင်းယှဉ်ပါက ပညာရေးဘတ်ဂျက်သုံးစွဲနှုန်းသည်(၆) ရာခိုင်နှုန်းကျော်ခန့်သာရှိနေသေးသဖြင့် များစွာ လျော့နည်းနေသေးကြောင်း တွေ့နိုင်သည်။
“ပညာရေးအခြေအနေက စိုးရိမ်ရတယ်။ အားလုံးဝိုင်းလုပ်ဖို့လိုတယ်။ အရင်တုန်းက မူတွေ မှန်ကန်မှု မရှိတာကြောင့် ၂၀၀၆ ခုနှစ် ကနေ အစိုးရ တက်တဲ့အထိ ပညာရေးက နိမ့်ကျခဲ့တယ်။ ဆင်းရဲသားတွေ လွယ်လွယ်ကူကူ ကျောင်းတက်နိုင်အောင် ပထမဦးဆုံးအကြိမ် မူလတန်းနဲ့ အလယ်တန်းကို ကျောင်းအပ်တာ အခမဲ့လုပ်ပေးခဲ့တယ်။ ကျောင်းတွေဆောက်၊ ဆရာတွေ ထပ်ခန့်တာတွေ လုပ်ပေးတယ်”ဟု နိုင်ငံတော်သမ္မတ၏ ပညာရေး အကြံပေးခေါင်းဆောင် ဒေါက်တာဒေါ်ရင်ရင်နွယ်က ဆိုသည်။
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် နှစ်(၅၀)ကျော်အထိ အလွတ်ကျက်သည့်စနစ် အတန်းတိုင်း မအောင်မနေရ စနစ်အောက်တွင် နစ်မွန်းနေခဲ့ရသည်။ မြန်မာနိင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် နေချိန်တွင် ပြည်သူများ၏ ပညာရေးသည် အရေးပါသော နေရာတစ်ခုကို ရောက်ရှိနေသည်က အမှန်ဖြစ်သည်။
ဘွဲ့ရများ ပေါများနေသော်လည်း တကယ်တတ်သည့် ပညာရှိများကို မွေးထုတ်နိုင်မှု နည်းနေသေးသည်။ ၎င်းအကျိုးသည် လက်ရှိ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် အခွင့်အလမ်းများကို ဆုံးရှုံးခံကာ သူများလက်ထဲ ထည့်နေရတော့မည့် ရလဒ်အခွင့်အလမ်းများနေသည်။
“ဒီအခွင့်အရေးတွေမဆုံးစေဖို့ လက်ဖက်ရည်ဆိုင်တွေ၊ လမ်းပေါ်က ကလေးတွေကို NGO တွေက မိုဘိုင်းကားတွေနဲ့ စာသင်ပေးနေတယ်။ တချို့ဆိုင်ရှင်တွေက အလုပ်ပျက်လို့ လက်မခံချင်ဘူး။ တဖြည်းဖြည်းနဲ့ စည်းရုံး သွားရမယ်။ စာသင်တယ်ဆိုတာ ဘွဲ့ရသွားအောင် သင်တာမဟုတ်ဘဲ ကလေးတွေကို သူတို့ ဘ၀စားဝတ်နေရေး အဆင်ပြေအောင် စီးပွားရေးလုပ်နိုင်အောင် အဓိက သင်ပေးတာ။ ဒီစနစ်ကို တချို့ NGOတွေက Mobile စနစ်နဲ့ လိုက်သင်နေတာတွေရှိတယ်”ဟု သတင်းစာပညာ သင်ကြားပေးနေသည့် ပညာရေးလေ့လာသူ စာပေသမားတစ်ဦးကလည်းပြောထားသည်။
မြန်မာအစိုးရသည် ပညာရေးကဏ္ဍတွင် ဘတ်ဂျက်တိုးမြှင့်သုံးစွဲလာသည်ဟု ဆိုသော်လည်း အစိုးရသက်တမ်း လက်တွေ့တွင် ပညာရေးနိမ့်ကျမှုကို မကယ်တင်နိုင်သေးကြောင်း ဖိုးသာ လို ကလေးများက သက်သေခံနေသည်။
ဆောင်းပါး။ ။ ကြယ်စင်လင်း