တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဝင်ရောက် အရွေးချယ်ခံသူ ခြောက်ဦးအနက် လက်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ခံရကြောင်း သိရသည်။
ဝမ်ကောင်းရပ်ကွက် အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ဇန်န၀ါရီလ(၂၁)ရက်နေ့ ည(၇)နာရီ ၀န်းကျင်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် သာရေးနာရေး ဓမ္မာရုံတွင် ဆယ်အိမ်မှူး (၈၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန်အတွက် လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအဝင် ဦးစိုင်းလုံရွက်၊ ဦးဒေးဗစ်၊ ဦးဇေယျာအောင်၊ ဦးမျိုးအောင်စိုးတို့ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး မဲပေးသူ ဆယ်အိမ်မှူး (၈၃)ဦးအနက် ဦးထွန်းထွန်းဝင်းမှ (၆၂)မဲ ရရှိကာ ပြန်လည် ရွေးချယ်ခံရခြင်း ဖြစ်သည်။
ပြန်လည် ရွေးချယ်ခံရသူ ဦးထွန်းထွန်းဝင်းက "၀မ်ကောင်းရပ်ကွက်ထဲမှာ ရှိတဲ့ လူတွေရဲ့ အရေးဟာလည်း ကျွန်တော့်ရဲ့ အရေးပဲလို့ ကျွန်တော် သဘောထားပါတယ်၊ ရပ်ကွက်ရဲ့ ကိစ္စတွေကိုလည်း အားလုံး ကူညီပြီး ၀ိုင်းဝန်းပေးဖို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ အားလုံးရဲ့ ရှေ့မှာ ကျွန်တော် မားမား မတ်မတ် ရပ်တည်သွားမယ်လို့လည်း ထပ်မံ ပြောကြားလိုပါတယ်"ဟု ရွေးချယ်မှုအပြီးတွင် မဲပေးခဲ့ကြသည့် ဆယ်အိမ်မှူးများအား ပြောကြားသည်။
ဝမ်ကောင်းရပ်ကွက်တွင် မဲပေးနိုင်သည့် ဆယ်အိမ်မှူး စုစုပေါင်း (၉၀)ဦးရှိရာ (၇)ဦးမှာ ခရီးလွန်နေပြီး (၈၃)ဦးသာ မဲပေးနိုင်ခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ