ငြိမ်းချမ်းရေးကို ကြိုဆိုသည့် တာချီလိတ်လူထု(၂၀၀၀)ကျော်မှ ဆန္ဒထောက်ခံပွဲ ဆင်နွှဲ

ငြိမ်းချမ်းရေးကို ကြိုဆိုသည့် တာချီလိတ်လူထု(၂၀၀၀)ကျော်မှ ဆန္ဒထောက်ခံပွဲ ဆင်နွှဲ
ဖေဖော်ဝါရီ 9, 2016
By Tachileik News Agency

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ခဲ့ခြင်းအား ထောက်ခံကြိုဆိုသည့် အနေဖြင့်  ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်အစောပိုင်းက ဒေသတွင်းရှိ  တိုင်းရင်းသား ပြည်သူ လူဦးရေ (၂၀၀၀)ကျော်က  ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် လူထုဆန္ဒထောက်ခံပွဲကို ကျင်းပကာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နံနက်(၆)နာရီတွင် ရှမ်းရိုးမကွင်း၌ စုရပ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကို ပြုလုပ်ပြီးနောက် အောင်မြတ်ခန်းမတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ကြိုဆို ထောက်ခံသည့်အနေဖြင့် ဆက်လက်၍ အခမ်းအနား ပြုလုပ်သည်။

ဆက်လက်ပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အထောက်ကူပြုကော်မတီ အဖွဲ့ဝင်  ဦးစိုင်းလုံမား က သဘာပတိအဖြစ် ဆောင်ရွက်ကာ အဖွင့်အမှာစကားပြောခဲ့ပြီးနောက် ကယန်းတိုင်းရင်းသူ ဒေါ်ဧရာဝတီထွန်းက အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုတင်သွင်းမှုအပေါ် ရှမ်းတိုင်းရင်းသား ဦးစိုင်းဆွန်ဝန်း(ခ) ဦးစိုင်းမိုင်မှ ထောက်ခံခဲ့သည်။

ယင်းထောက်ခံပွဲတွင် အထောက်အကူပြု ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊ NGO နှင့် လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများနှင့် ပတ်သက်၍ စာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~