ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့မှ မီးဘေးသင့် မိသားစုများ၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"နေစရိတ်၊ စားစရိတ်၊ အသွားအပြန်စရိတ်အားလုံး အခမဲ့ ကူညီသွားဖို့ ပြင်ဆင်ထားပါတယ်။ အဓိက ဆယ်တန်းဖြေဖို့ အချိန်လည်းနီးလာပြီ။ ကလေးတွေ စာမေးပွဲအတွက် အခက်အခဲတွေဖြစ်မှာစိုးလို့ပါ"ဟု ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးခင်မောင်မြင့်က ပြောသည်။
မီးဘေးဒဏ်သင့်ချိန်တွင် စာမေးပွဲဖြေဆိုချိန်မှာလည်း နီးကပ်နေသဖြင့် ကလေးများ၏ ပညာရေး မထိခိုက်စေရန် တာချီလိတ်မြို့သို့ ပညာလာရောက် သင်ကြားလိုသူများအနေဖြင့် ဆက်သွယ်လာပါက ခေါ်ယူ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းအား ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပညာသင်ကြားလျှက်ရှိသော ကျောင်းသားဦးရေ(၃၀၀)ခန့်အနက် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ(၃၀)ခန့်ရှိကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က လောင်ကျွမ်းခဲ့သော မီးကြောင့်အိမ်ခြေ (၂၀၉) လုံး၊ အိမ်ထောင်စု (၂၉၂) စု၊လူဦးရေ (၁၂၈၈)ဦး မီးဘေးသင့်ခဲ့ပြီး ငွေကျပ်သိန်း (၉၈၄၈)ခန့် ဆုံးရှုံးခဲ့ရကြောင်း အစိုးရမှသတင်းထုတ်ပြန်ထားသည်။
ဆက်သွယ်ရန်လိပ်စာ
ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း
အမှတ်(၂/၂၉၂)၊ မေဖလားဝါးကွင်း၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ 08452334 ၊ 09262677254 ၊ ထိုင်းဖုန်း။ ။ 0914794775