ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စု၊ ဆိုင်ဆတ်ကျေးရွာတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း(၇၀)ဖြင့် တည်ဆောက်သည့် နမ့်နန်းချောင်းကူးတံတားအား ပြည်ထောင်စုနေ့တွင် ဖွင့်လှစ်လိုက်သည်။
အရှည်(၇၀)ပေ၊ အကျယ်(၁၄)ပေ၊ အမြင့်(၁၂)ပေရှိ အဆိုပါ သံကူကွန်ကရစ်တံတားအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် နမ့်ယွန်းတောင်ပေါ်ဆောက်လုပ်ရေး ကုမ္ပဏီ (မိုင်းဖြတ်)မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
“အရင်က ဒီတံတားက ၀ါးတံတားလေးဆိုတော့ ကျွန်မတို့ ရွာအပါအ၀င် ရွာ(၃)ရွာကလူတွေမှာ မိုးတွင်းကာလဆိုရင် ကျန်းမာရေး၊ လူမှုရေးများအတွက် သွားလာရ အခက်အခဲရှိပါတယ်”ဟု တံတားဖွင့်ပွဲတက်လာသည့် ဒေသခံတစ်ဦးက ပြောသည်။
တံတားဖွင့်ပွဲ အခမ်းအနားသို့ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချူပ် မျိုးတင့်အောင် နှင့် တပ်မတော်အရာရှိများ၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကို နှင့် ၀န်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းဇာနည်မွေ(ခ)တူးတူး နှင့် တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ၊ ကင်းထောက်လူငယ်များ အပါအ၀င် ရွာသူ၊ ရွာသား စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲရေးမှုး ဗိုလ်မှူးချုပ် မျိုးတင့်အောင်၊ ပြည်နယ်ဖွံ့ဖြိုးမှုရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများအား နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းဇာနည်မွေ (ခ)တူးတူး (နမ့်ယွန်းတောင်ပေါ်ကုမ္ပဏီ)မှ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ/သတင်း။ ။ ကိုသာ