ရှောလမွန်(ပြန်/ဆက်)
မိုင်းဖြတ် ၊ ဧပြီလ (၁၃) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ၊ မိုင်းဖြတ်မြို့နယ်အတွင်း စာတတ်မြောက်ရေးလှုပ်ရှားမှု လုပ်အားပေးအဖွဲ့၏ လိုအပ်ချက်များညှိနှိုင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က ဧပြီလ ၁၃ ရက်တွင် သွားရောက်ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုသည့်အဖွဲ့တွင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ ဦးထွန်းရွှေ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လှရီနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများပါဝင်ကြောင်း သိရသည်။
တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် ဒေသခံ ကျောင်းဆရာ/ဆရာမများ ပူးပေါင်း၍ မိုင်းဖြတ်မြို့ပေါ် ၃ ရပ်ကွက်နှင့် ဟိုနား (စောမွန်)ကျေးရွာ၊ ဝမ်ပုံကျေးရွာများတွင် စာတတ်မြောက်ရေး လုပ်အားပေးဆောင်ရွက်နေခြင်းဖြစ်သည်။