တာလေ၊ ဧပြီလ (၂၂) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာလေမြို့ဝန်းကျင် ရွှေတူးဖော်ရေးလုပ်ကွက်များအနီးဝန်းကျင်မှ ကျေးရွာနှစ်ခုတွင် ရွှေထုတ်လုပ်ရာ၌ အသုံးပြုသည့် ၀ါးကတ် နှင့် ၀ါးခြင်းများ ယက်လုပ် ရောင်းချလာကြကြောင်း သိရသည်။
"ကျွန်မ ဒီအလုပ်လုပ်တာ တစ်လကျော်လောက်ရှိပြီ။ တချို့အိမ်တွေကတော့ လုပ်တာကြာနေပြီ။ လုပ်လို့ပြီးသွားရင် အိမ်ရှေ့မှာသွားပြီး စုထားလိုက်တယ်။ ပြီးရင် ရွှေတူးတဲ့ကုမ္ပဏီတွေက သူတို့လိုတဲ့အချိန်ဆို လာဝယ်ကြတယ်။"ဟု ဝါးကတ်များပြုလုပ်ရောင်းချနေသော ဒေါ်စိန်မေက ပြောသည်။
အဆိုပါ ဝါးကတ်များကို ရွှေတူးဖော်သည့်ကန်၏ အောက်ခြေနှင့် နံရံများတွင် ကာရန်အသုံးပြုကြပြီး ဝါးခြင်းများကိုမူ အဆိုပါကန်တွင်းထည့်သွင်းကာ ရွှေများရယူရန် သုံးကြခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်ကတော့ အဓိကဝါးကတ်တွေကို လုပ်ပြီးရောင်းပါတယ်။ ဝါးခြင်းက နည်းနည်းခက်တော့ မလုပ်ဘူး။ ဝါးခြင်းကို ကျွန်တော်ပဲ တစ်ပိုင်တစ်နိုင်လုပ်တာဆိုတော့ တစ်ရက်ကို (၆)ကတ်၊(၇)ကတ်လောက် ပြီးတယ်။ ဝါးကတ်လုပ်ဖို့ တောထဲမှာ ဝါးသွားခုတ်ရတယ်။ ပြီးရင် ဝါးခြမ်းတွေခြမ်းပြီး လုပ်ရတဲ့အတွက် အချိန်နည်းနည်း ပေးရပါတယ်။"ဟု ဝါးကတ်ပြုလုပ်ရောင်းချနေသူ ဦးပေတရုက ပြောသည်။
တာလေမြို့နယ်အတွင်း ရွှေတူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက်(၂၀)ခန့်ရှိပြီး အဆိုပါလုပ်ငန်းများအတွက် လိုအပ်သော ဝါးကတ်နှင့်ဝါးခြင်းများကို တာလေမြို့နယ်၊ နားယောင်းကျေးရွာအုပ်စုရှိ ဟွေခိုက်ကျေးရွာနှင့် နားအွန်ကျေးရွာတို့တွင် ယက်လုပ်ရောင်းချရာ ဝါးကတ်တစ်ခုလျှင် (၄၅)ဘတ်နှင့် ဝါးခြင်းတစ်ခုလျှင် (၅၀)ဘတ်ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ။ ။ ဇွဲမြတ်
........