နေဖြိုးမြင့် -Tachileik News Agency
ကျောက်မဲ၊ စက်တင်ဘာလ (၁၁)ရက်
ကျောက်မဲခရိုင်တရားသူကြီးက ဒေသခံတိုင်းရင်းသားများအား အမှုစစ်ဆေးရာတွင် ခွဲခြားဆက်ဆံမှုများရှိနေပြီး တရားစီရင်ရာတွင် မျှတမှုမရှိဟု လူမှုကွန်ရက်စာမျက်နှာ (facebook)တွင် ဖြန့်ဝေရေးသားထားခြင်းမှာ မဟုတ်မှန်ကြောင်း ခရိုင်တရားသူကြီးက ငြင်းဆိုလိုက်သည်။
"ကျောက်မဲဟစ်တိုင် လူမှုကွန်ရက်မှာ ရေးသားထားသလို တိုင်းရင်းသားတွေ ဘာသာစကားအခက်အခဲကို မဖြေရှင်းပေးဘူး မဟုတ်ပါဘူး။ ဒီအတွက် ဥပဒေအရာရှိ ရှိပါတယ်။ သူပဲဘာသာပြန်ပေးသူအဖြစ် မှတ်တမ်းတင် ပေးတာပါ။ သူ့ဘက်အမြင် ကိုယ့်ဘက်အမြင်တစ်မျိုးစီပေါ့။ ဒီတရားရုံးမှာက အမှု (၁၀၀)မှာ (၉၀)က တိုင်းရင်းသားတွေဆိုတော့ အခုတော့ ဘယ်အမှုကို ပြောလို့ပြောမှန်းမသိဘူး"ဟု ကျောက်မဲခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်ယဉ်ယဉ်သိန်းက ပြောသည်။
ဒေသခံတိုင်းရင်းသားများအမှုရင်ဆိုင်ရာတွင် ဘာသာစကားအခက်အခဲများအား ဖြေရှင်းပေးခြင်းမရှိဘဲ အမှုများအား မျှတစွာစီရင်ပေးခြင်းမရှိဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက်အား ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာစကားခက်ခဲသည့် တိုင်းရင်းသားအမှုသည်များအနေဖြင့် အမှုရင်ဆိုင်နေစဉ် အကျိုးအကြောင်းဖြင့် အကူအညီတောင်းခံခြင်းတို့ ပြုလုပ်နိုင်သည့်အပြင် ဘာသာစကားအခက်အခဲအတွက် ဥပဒေအရာရှိများ၊ ရှေ့နေ၊ ရဲဝန်ထမ်းများဖြင့်လည်း ဥပဒေအရအကူအညီပေးထားခြင်းရှိကြောင်း ၎င်းထံမှ သိရသည်။
ခရိုင်တရားသူကြီး ဒေါ်ယဉ်ယဉ်သိန်းသည် တရားရေးဌာနတွင် နှစ်ပေါင်း (၃၀)ကြာ လုပ်ကိုင်လာသူဖြစ်ပြီး ကချင်၊ မွန်၊ ရခိုင်နှင့် တနင်္သာရီဒေသများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာရှမ်းပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ယင်းကဲ့သို့ ဝေဖန်ခံရမှုအား စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုလိုက်သည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ