လူထု (တင်ရန်) တာချီလိတ်လေဆိပ်တွင် စည်းကမ်းဖေါက်ဖျက်ကာ ခရီးသည်ထံမှ မုန့်ဖိုးတောင်းသည့် ဝန်ထမ်းအချို့ရှိနေ

လူထု (တင်ရန်) တာချီလိတ်လေဆိပ်တွင် စည်းကမ်းဖေါက်ဖျက်ကာ ခရီးသည်ထံမှ မုန့်ဖိုးတောင်းသည့် ဝန်ထမ်းအချို့ရှိနေ
စက်တင်ဘာ 25, 2016
By Tachileik News Agency

နေဖြိုးမြင့် -Tachileik News Agency
ကျောက်မဲ၊ စက်တင်ဘာလ ( ၂၅ ) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်လေဆိပ်တွင် လေဆိပ်ဝန်ထမ်းအချို့က ခရီးသည်များအား ကူညီကာ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း တာချီလိတ်လေဆိပ်မှ လေယာဉ်စီး ခရီးသည်များထံမှ သိရသည်။
“လေဆိပ်အဝင်ကနေ ကောင်တာအထိဆို ခြေလှမ်း (၁၅) လှမ်းလောက်ပဲ ဝေးတာ။ အထုပ်ပဲ ကူဆွဲပေးတာလိုလို ကူညီပေးတာလိုလိုနဲ့ ဇွတ်လာကူပြီး  မုန့်ဖိုး တစ်ထောင်တောင်းသွားတယ်။ လုံးဝမဖြစ်သင့်ဘူး”ဟု တာချီလိတ် - ဟဲဟိုး ခရီးစဉ်တွင် လိုက်ပါသည့် ခရီးသည် ကိုဆန်းဖြိုးထွန်း က ပြောသည်။
တာချီလိတ်လေဆိပ်တွင် အင်္ကျီအဝါရောင်ဝတ် လေဆိပ်ဝန်ထမ်းတစ်ဦးက ခရီးသည်များအား ကူညီကာ ခရီးသည်တစ်ဦးလျှင် မြန်မာကျပ်ငွေတစ်ထောင် တောင်းခံနေခြင်းအား မြင်တွေ့ရကြောင်း စက်တင်ဘာလ ၂၄ ရက်က တာချီလိတ်လေဆိပ်မှ လေယာဉ်စီးခရီးသည်များထံမှ သိရသည်။
“ကျွန်တော်တို့ဘက်က တောင်းပန်ပါတယ်ခင်ဗျ။ မုန့်ဖိုးလုံးဝမတောင်းဖို့ ဝန်ထမ်းတွေကို စည်းကမ်း သတ်မှတ်ထားပါတယ်။ စေတနာနဲ့ ပေးတာကျတော့ ဝန်ထမ်းရဲ့ စားဝတ်နေရေးအတွက် နားလည်ပေးထားတာပါ။ ဒီဘက်ကလည်း ရှမ်းပြည်ဖြစ်နေတော့ တချို့လူတွေက မုန့်ဖိုးပေးတတ်ကြတာတွေလည်း ရှိပါတယ်” ဟု တာချီလိတ်လေဆိပ် Air KBZ လေကြောင်းလိုင်းမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုရဲမင်းက ပြောသည်။
လေဆိပ်တွင် လေဆိပ်ဝန်ထမ်းများအနေဖြင့် ခရီးသည်များထံမှ မုန့်ဖိုး(ပိုက်ဆံ)တောင်းခံခြင်းမပြုရန်နှင့် စည်းကမ်းဖေါက်ဖျက်သူများအား အရေးယူမည်ဟု စည်းကမ်းချမှတ်ထားကြောင်းလည်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~