လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကိစ္စအား လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပေးရန် ပြည်နယ်အစိုးရ ကတိပေး

လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကိစ္စအား လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပေးရန် ပြည်နယ်အစိုးရ ကတိပေး
စက်တင်ဘာ 30, 2016
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပျက်ဆီးနေမှုအား ဖြေရှင်းပေးရန် စက်တင်ဘာလ(၂၈)ရက်နေ့က ပြည်နယ်အစိုးရ ရုံးရှေ့တွင် ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ မှဆန္ဒဖော်ထုတ်ပြီးနောက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပေးမည်ဟု ပြည်နယ်အစိုးရက ကတိပေးလိုက်သည်။

လွိုင်ကော်တက္က္တသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ပြီး မကြာမီမှာပင် ပျက်ဆီးမှုများ ဖြစ်ပေါ်လာသဖြင့် ပြည်နယ်အစိုးရအား ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်း မရှိသဖြင့် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ကျောင်းသားများအား ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ကတိပေးလိုက်ကြောင်း ကယားပြည်နယ် ကျောင်းသားများသမဂ္ဂဥက္ကဌ ခွန်ရဲမင်းကျော်ထံမှ သိရသည်။

"အခုကျွန်တော်တို့ကို ကတိပေးလိုက်တယ်။ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု လုပ်ပေးမယ်ပေါ့။ ခုအဲဒီကတိကြောင့် ကျွန်တော်တို့ လူစုခွဲမယ်။ အစိုးရက ဒီကတိကို တည်မယ်လို့ ယုံကြည်တယ်။ သိက္ခာရှိတဲ့ အစိုးရတစ်ရပ် ဖြစ်ဖို့လည်း ကျွန်တော်တို့မျှော်လင့်တယ်။ "ဟု ခွန်ရဲမင်းကျော်က ဆိုသည်။

ကျောင်းသား ကိုယ်စားလှယ်တစ်စု၊ ပြည်နယ် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ ပါဝင်သောတစ်စု၊ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဘွဲ့နှင်းသဘင် တည်ဆောက်သည့် အင်ဂျင်နီယာတစ်စု၊ လွတ်လပ်သည့် စောင့်ကြည့်လေ့လာသူ (၄)ဦးတို့ပါဝင်မည့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာလ (၃၀)ရက်နေ့တွင် ပြုလုပ်သွားမှာ ဖြစ်ပြီး သတင်းမီဒီယာများကိုလည်း လွတ်လပ်စွာ သတင်းဝင်ရောက်ယူခွင့်ပြုမည်ဟု ပြည်နယ်အစိုးရက ကတိပေးလိုက်ကြောင်း သိရသည်။

လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ယခင် အစိုးရလက်ထက်က ပြည်နယ်အစိုးရ ဘတ်ဂျက်မှ ကျပ်သန်းပေါင်း (၁၃၅၃) ကျော် အကုန်ကျခံပြီး KMG ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၆ ဖေဖော်ဝါရီလက ဘွဲ့နှင်းခန်းမကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သော်လည်း လက်ရှိတွင် အဆောက်အဦးနံရံ အက်ကွဲလာခြင်း၊ အောက်ခြေပိုင်း ပျက်စီးမှုများ ဖြစ်လာသဖြင့် တာဝန်ရှိသူများအနေဖြင့် စိစစ်ပေးရန် တောင်းဆိုထားကြခြင်းဖြစ်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~