နိုနို - Tachileik News Agency
တာချီလိတ်၊ စက်တင်ဘာလ (၁၄)ရက်
နိုင်ငံဆင်းရဲနွမ်းပါးခြင်းနှင့် အလုပ်အကိုင်ရှားပါးခြင်းများကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရာမှ လူကုန်ကူးခံရခြင်းများဖြစ်ကြောင်း တောင်ကြီးမြို့ ၊ အမှတ်(၁၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပြောကြားလိုက်သည်။
"မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှုဖြစ်ပွားရခြင်းအကြောင်းက နိုင်ငံဆင်းရဲတာရယ်၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာရယ်၊ ဘ၀ရပ်တည်မှုခက်ခဲတာတွေကြောင့် ဖြစ်တာများပါတယ်။ ဒီအထဲမှာ လူကုန်ကူးခံရတဲ့ သူတွေမှာ လုံလောက်တဲ့ ဗဟုသုတမရှိတာကြောင့် ယုံလွယ်ကြတယ်။ ဒါတွေကြောင့်ဖြစ်တာပါ"ဟု တောင်ကြီးအမှတ်(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲရုံးမှ ဒု-ရဲမှူး မြင့်သိန်းက ပြောသည်။
လူကုန်ကူးမှုခံရခြင်းမရှိစေရန် ပြည်ပနိုင်ငံများတွင် အလုပ်သွားလုပ်မည်ဆိုပါက တရားဝင်လမ်းကြောင်းမှ အလုပ်သမားမှတ်ပုံတင်၊ ဗီဇာ ၊ပတ်စ်ပို့အထောက်အထား အပြည့်အစုံဖြင့် သွားရောက်ရန် ဒု-ရဲမှူးက တိုက်တွန်းလိုက်ပြီး အေဂျင်စီများဖြင့် ချိတ်ဆက်ရမည်ဆိုပါက အစိုးရမှ အသိမှတ်ပြုထားသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ဟုတ်/မဟုတ် စိစစ်ရန် အရေးကြီးသည်ဟု ၎င်းက သတိပေးလိုက်သည်။
တစ်နိုင်ငံလုံးအနေဖြင့် ဖြစ်ပွားသည့် လူကုန်ကူးမှုမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ သြဂုတ်လ(၂၁)ရက်နေ့အထိ (၃၂)မှုရှိပြီး လူကုန်ကူးခံရသူအများစုမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများမှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူများဖြစ်ကြောင်း သိရသည်။
လူကုန်ကူးခံရမှု၏ (၆၂) ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးရေးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ