စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ညောင်ဇင် ဘူတာနှင့် ထန်းကုန်းဘူတာကြား မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင် ၄၇၆/၁၈နှင့် ၄၇၆/၁၉ ကြားတွင် အောက်တိုဘာလ (၁၃)ရက်နေ့က လယ်တောမှ ပြန်လာသည့် လယ်သမားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
သတင်း - ရန်နိုင်စိုး
"သေဆုံးသူက သူ့လယ်ကွင်းထဲရေသွင်းပြီး ရွာဘက်ကို ခြေကျင်ပြန်လာတာပါ။ ကျွန်တော်တို့လည်း အခင်းဖြစ်ပြီး ရောက်သွားပါတယ်။ ရထားလာတုန်းမှာ ဖြတ်ကူးတာလို့ ယူဆရပါတယ်။ အသေးစိတ် ကတော့ စစ်ဆေးနေပါတယ်" ဟု ထန်းကုန်းကျေးရွာ ရဲကင်းမှ စခန်းမှုး ရဲအုပ်ဇော်မင်းစိုးက ပြောသည်။
သေဆုံးသူမှာ ကန့်ဘလူမြို့နယ် ဖက်သန်းကုန်းကျေးရွာမှ အသက် (၁၉)နှစ်အရွယ် ကိုဆွေဝင်းဆိုသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဇီးကုန်းနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၆ ) ဖြင့် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - ရန်နိုင်စိုး