နားကောင်းမှုရွာ၊ မူလတန်းကျောင်း(ပုံအံ့)ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကွင်းဆင်းစစ်ဆေး

နားကောင်းမှုရွာ၊ မူလတန်းကျောင်း(ပုံအံ့)ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကွင်းဆင်းစစ်ဆေး
အောက်တိုဘာ 26, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမှုရွာအပိုင်း(၂)တွင် (ပုံအံ့)မူလတန်းလွန်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းများအား ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

"သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းတွေနဲ့အညီ ဆောက်လုပ်ထားလို့ ကျေနပ်ဖွယ်ကောင်းပါတယ်၊ ကြမ်းခင်းအတွက် မြေကြီးပေါ်က သဲထပ်ခင်းပြီး ရေသွင်းထားစေချင်တယ် တမံတလင်း မကျွံနိုင်တော့ဘူးပေါ့"ဟု မြို့နယ်ပညာရေးမှူး ဦးမောင်မောင်က ပြောသည်။

ကျောင်းဆောင်သစ် လိုအပ်ချက်အရ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် တင်ပြထားခဲ့ပြီး ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနဘတ်ဂျက်မှ ကျပ်သန်း(၃၅.၁)သန်းဖြင့် (၉၀×၂၀×၁၂)ပေ ကျောင်းဆောင်သစ် ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

"မျက်မြင်အခြေအနေအရ လက်ရာကောင်းမွန်တာ စေတနာထားလုပ်ကိုင်နေတာတွေ၊ စံချိန်စံညွှန်းနဲ့ အညီ ဆောင်ရွက်နေတာတွေ တွေ့ရလို့ ၀မ်းသာကျေနပ်မိပါတယ်"ဟု ပြည်သူလွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက ပြောသည်။

အဆိုပါကျောင်းတွင် လက်ရှိပညာသင်ကြားနေသည့် ကျောင်းသားအင်အား (၃၀၇)ဦး ရှိပြီး မူလကျောင်းဆောင်ဟောင်းတွင် သင်ကြားရန် အခက်အခဲများစွာဖြစ်လျှက်ရှိသဖြင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယာယီကျောင်းဆောင်တစ်ဒေသခံများမှ ဆောက်လုပ်ပေးခဲ့သည်။

"ကလေးတွေအတွက် သောက်ရေအခက်အခဲရှိပါတယ်၊ ရေကန်တစ်ကန်လည်လိုအပ်ပါတယ်၊ သင်ကြားရေးအနေနဲ့ ဆရာ၊ ဆရာမလိုအပ်ချက်နဲ့ ကျောင်းအုပ်လိုအပ်ပါတယ်"ဟု ကျောင်းတာဝန်ခံ ဆရာမ ဒေါ်ကေသီအောင်မှပြောသည်။

ကျောင်ဆောင်သစ်အား ဒေသခံ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေနန်းမဉ္စူကုမ္ပဏီမှ စက်တင်ဘာ(၁)ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပြီး နိုဝင်ဘာအကုန်အပြီးတည်ဆောက်သွားရမည်ဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~