ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားအသိအမှတ်ပြု ကတ်ထုတ်ပေးမည့် သစ္စာစီမံချက်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်တစ်မြို့နယ်လုံးတွင် လျှောက်ထားသူ (၈၀၀၀) ကျော်အနက် အောက်တိုဘာလ ပထမပတ်အထိ အိမ်ထောင်စု(၄၀၀)ကျော်သာ ထုတ်ပေးနိုင်သေးကြောင်း သိရသည်။
"ပထမရက်ပေါင်း (၁၀၀)အနေနဲ့တော့ ပြီးသွားပြီ။ ဒါကို နောက်ဆက်တွဲအနေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေကို ရွှေ့ပြောင်းချင်တဲ့ အိမ်ထောင်စုစာရင်းတွေကို ပေးပို့ထားပါတယ်။ ဟိုဘက်မြို့နယ်က ပြန်လည်ပေးပို့လာတာကိုတော့ ထုတ်ပေးနေပါတယ်။ တချို့မြို့နယ်တွေက ဆက်သွယ်ရေး ခက်ခဲလို့ မရသေးပါဘူး။ တစ်ရက်ကို အိမ်ထောင်စု (၅)စု စာလောက် နေ့စဉ်ထုတ်ပေးနေပါတယ်"ဟု တာချီလိတ်ခရိုင် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းက ပြောသည်။
အစိုးရ၏ ပထမရက် (၁၀၀)စီမံချက်အတွင်း ပြည်တွင်း ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်သူများမှ အလုပ် လုပ်ကိုင်ရာတွင် လွယ်ကူစေရန်အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အချိန်(၃)လကျော်ကာလအတွင်း အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
"သူတို့တွေ စာရင်းကောက်ဆိုတုန်းက လာလုပ်တဲ့သူ (၄၀၀)လောက်ရှိတယ်။ ဒါကျွန်တော်တို့ ဝမ်ကောင်းရပ်ကွက် တစ်ခုတင်နော်။ တကယ် အိမ်ထောင်စုစာရင်း ပြန်ကျလာတော့ (၂၀)ကျော်ပဲ ပါလာတယ်။ ကောက်ထားပြီး အိမ်ထောင်စုစာရင်း မရရှိသေးတဲ့သူတွေကို ဘာကြောင့်မရလဲဆိုတာ ထုတ်ပြန်ပေးနိုင်ရင် ပိုကောင်းမယ်။ အခုက သူတို့က ရပ်ကွက်ရုံးကိုပဲ လာလာမေးနေတော့ ကျွန်တော်တို့လည်း ပြန်ပြောပြစရာ အကြောင်းပြချက်မရှိဘူး ဖြစ်နေတယ်"ဟု ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
အိမ်ထောင်စုစာရင်းများ ပြန်လည်ထုတ်ပေးရန် ကြန့်ကြာနခြေင်းမှာ ဖော်ပြထားသည့် လိပ်စာအတိအကျ မရှိခြင်းနှင့် ဆက်သွယ်ရေးအခက်အခဲများကြောင့် ဖြစ်ကြောင်း အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
"သူတို့က အကြောင်း အမျိုးမျိုးပြတာပဲ။ ကျွန်တော်တို့ပြောင်းရွှေ့ချင်တဲ့အများစုက တစ်ဖက် အိမ်ထောင်စုစာရင်းရှိတဲ့ မိဘဆွေမျိုးတွေကို ပြောင်းရွှေ့ဖို့ကိစ္စပြောထားပြီးပါပြီ။ ဒါပေမဲ့ အဲဒီဖက် မြို့နယ်က လ.ဝ.က ရုံးက လာရောက်အကြောင်းကြားတာကို မရှိတာတဲ့။ စာရင်းပေးပေးဆိုလို့ မှတ်ပုံတင်မိတ္တူတွေ သူတို့ရုံးက ပေးတဲ့စာရွက်တွေ အကုန်ဖြည့်ပြီး သွားပေးတာပဲ ရပ်ကွက်ရုံးကို။ ဒါပေမဲ့ အခုအချိန်ထိ အကြောင်း တစ်စုံတစ်ခုမှ မပြန်ကြားပေးသေးဘူး"ဟု ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းမှ ပြောင်းရွှေ့နေထိုင်လာသူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းစစ်တမ်းအရ လူဦးရေ တစ်သိန်းနှစ်သောင်းကျော် ရှိသည့်အနက် ရွှေ့ပြောင်းနေထိုင်သူ သုံးပုံနှစ်ပုံခန့်ရှိကြောင်း သိရသည်။
သတင်း - ကိုဇက်