ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံပျံကွင်းမှ ဆိုင်ခန်းငှားခနှုန်းမှာ သတ်မှတ်ဈေးနှင့် ကွာဟမှုများနေသဖြင့် ကန်ထရိုက်ရရှိသူနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံးထံမှ သိရသည်။
ဘဏ္ဍာရေးကော်မတီမှ ဆိုင်ခန်းဈေးနှုန်းများအား အနိမ့်ဆုံး နှစ်သိန်းမှ အမြင့်ဆုံး သုံးသိန်းဖြင့် ငှားရမ်းခွင့်ပြုထားသော်လည်း လက်ရှိတွင် ကျပ် (၄)သိန်းမှ (၁၄)သိန်းအထိ ငှားရမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရည်ရွယ်ချက်က စီးပွားရေးတွက်တွက်ပြီး လုပ်ဆောင်တာမဟုတ်သလို စားသုံးသူတွေအဆင် ပြေစေဖို့ အဓိကထားပြီးဆောင်ရွက်တာပါ။ လေလံရသူကိုလည်း ဖုန်းဆက်ပြောပြီးပြီ။ ခင်ဗျားစီးပွားရေးလုပ် တာလည်းလုပ် ပြည်သူကိုဝန်ထုပ်ဝန်ပိုးဖြစ်အောင်တော့ မလုပ်ဖို့ပြောထားတယ်။ ကွင်းဆင်းကြည့်တဲ့ အချိန်ကျရင် ထပ်တွေ့ပြီးညှိနှိုင်းသွားဦးမှာပါ” ဟု ၀န်ကြီးကပြောသည်။
အဆိုပါ တန်ဆောင်တိုင်မီးပုံးပျံကွင်းအား ယခင်နှစ်များက တစ်ကွင်းလုံးကို ကန်ထရိုက်ပေးသော်လည်း ယခုနှစ်တွင် ကွင်းတစ်ဝက်ကို လေလံတင်ခဲ့ရာ ပြည်နယ်အစိုးရ၏ ကြမ်းခင်းဈေးသတ်မှတ်သည့်အတိုင်း လေလံဆွဲသူများက မပေးနိုင်၍ ကြမ်းခင်းဈေးပေးသည့် လေလံမတင်သည့်လုပ်ငန်းရှင်အား ကန်ထရိုက် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီနှစ်လေလံပြိုင်တဲ့အထဲမှာ ကျွန်တော်မပါဘူး။ လေလံဆွဲတဲ့သူတွေက သိန်းနှစ်ထောင်ထက်ပိုမပေးနိုင်တဲ့ အတွက် လေလံပွဲပျက်သွားတယ်။ အဲဒီမှာ ပြည်နယ်အစိုးရက အကူအညီတောင်းတာနဲ့ ယူဖြစ်တာပါ။ ဆိုင်ခန်းဈေးတွေကိုလည်း ဈေးမတင်ပါဘူး။ ဈေးမြင့်တယ်ဆိုတာကလည်း ကုမ္ပဏီခန်းတွေပါ။ အထည်တန်း တွေဆိုရင် အရင်နှစ်က သုံးလေးသိန်းရှိတယ် ဒီနှစ်သုံးသိန်းပဲရှိပါတယ်” ဟု ကွင်းလေလံရရှိသူ ဦးအောင်ကျော်နိုင်က ပြောသည်။
ကုမ္ပဏီခန်းများ ၊ DJ Bar များမှာ ကွင်းမျက်နှာစာတွင်တည်ရှိပြီး ဆိုင်ခန်းခများမှာ ၁၀ ပေ ×၆၀ ပေ တစ်ခန်းလျှင် ကျပ်(၁၂)သိန်းနှင့် အရှည်ပေါ်မှုတည်၍ ကျပ်(၁၄)သိန်းကျော်အထိသာ သတ်မှတ်ပြီး (၁၀) ပေပတ်လည် အခန်းများမှာ ငှားရမ်းခ ကျပ်(၃)သိန်းသာ သတ်မှတ်ယူထားကြောင်း ဦးအောင်ကျော်နိုင်ထံမှ သိရသည်။
“ ဒီနှစ်ကတစ်ခန်းကို တစ်သိန်းလောက်ဈေးတက်လာလို့ လမ်းမတန်းက အိမ်တစ်အိမ်မှာပဲ ငှားဖွင့်ဖြစ်တယ်။ အလုပ် သမားကြေး၊ ဆိုင်ခန်းငှားခ၊တည်ဆောက်ခ၊ ရေဖိုးမီးဖိုးနဲ့ဆိုရင် ဆိုင်တစ်ဆိုင်ကို သိန်းငါးဆယ်လောက် ကုန် တယ်လေ။ ဒါကြောင့် သူများအိမ်မှာပဲငှားလိုက်တာ။ ဈေးကတော့ ကွင်းထဲကဈေးနဲ့သိပ်မကွာပေမဲ့ ရေ၊မီး အိမ်သာကျတော့ အဆင်ပြေတယ်လေ” ဟု နှစ်စဉ်စားသောက်ဆိုင်ဖွင့်လှစ်သူတစ်ဦးက ပြောသည်။
(၁၀) ပေ×ပေ (၂၀) ၀န်းကျင်ရှိ စားသောက်ဆိုင်တစ်ခန်းလျှင် ယခင်နှစ်ငှားရမ်းခ ကျပ် (၇) သိန်းသာ ရှိရာ ယခုနှစ်တွင် ကျပ် (၈) သိန်းအထိ ဈေးတက်လာကာ လမ်းမတန်းရှိ ကုမ္ပဏီခန်းများမှာလည်း ယခင်နှစ်ငှားရမ်းခ ကျပ်(၁၀) သိန်းသာရှိခဲ့ရာ ယခုနှစ်တွင် ကျပ်(၁၅)သိန်းဝန်းကျင်အထိဈေးရှိနေပြီး အခြားဆိုင်ခန်းများ မှာလည်း ကျပ်တစ်သိန်းစီ ခန့်ဈေးတက်လာသည်ဟု ဆိုင်ခန်းငှားရမ်းသူများက ပြောသည်။
ယခင်နှစ်မီးပုံးပျံကွင်းအတွင်း တစ်ကွင်းလုံးလေလံရှိခဲ့စဉ်က ဆိုင်ခန်းပေါင်း (၂၅၀၀)၀န်းကျင်ရှိပြီး ယခုနှစ်တွင် ကွင်းတစ်ဝက်သာရရှိသောကြောင့် ဆိုင်ခန်းများမှာ ငှားရမ်းနေဆဲဖြစ်သည့်အတွက် အရေအတွက် မည်မျှရမည်ကို မသိရှိနိုင်သေးကြောင်းနှင့် ပျံကျဈေး သည်များအတွက်မှု လက်ရှိတွင် နေရာစီစဉ်ပေးထားခြင်း မရှိသေးသော်လည်း ကော်မတီနှင့်ညှိနှိုင်းကာ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အား နိုဝင်ဘာလ(၆)ရက်နေ့မှ နိုဝင်ဘာလ(၁၅)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~