ဧပြီလ (၂၂)ရက် နှင့် (၂၃)ရက်နေ့များက လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ လေဘေးသင့် ဘုန်းတော်ကြီးကျောင်း အပါအ၀င် အိမ်ခြေ(၆၅)အိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်းများကို တာဝန်ရှိသူများက ဧပြီလ(၂၅)ရက်နေ့ ညနေပိုင်းက သွားရောက်၍ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါဝိတ်၊ မိုင်းဆတ်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဧပြီလ(၂၅)ရက်နေ့ ညနေ(၅)နာရီအချိန်က လေဘေးသင့် ပြည်သူများထံ တစ်အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်း တန်ဘိုးငွေကျပ် တစ်သိန်းစီ၊ စုစုပေါင်းငွေကျပ်(၆၆)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးပါဝင်သော ကျားလုံချည် ၊ မလုံချည်၊ မျက်နှာသုတ်ပ၀ါနှင့် ကာဘော်လစ် ဆပ်ပြာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။
မိုင်းဆတ်မြို့နယ်တွင် ဧပြီ ၂၂ ရက်က လေပြင်းတိုက်ခိုက်မှုကြောင့် မဟုန်ကန်ကျေးရွာမှ အိမ်ထောင်စု တစ်စု၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ မဟုန်လွယ်ကျေးရွာမှ အိမ်ထောင်စုတစ်စု၊ ဧပြီ ၂၃ ရက်က လေပြင်းတိုက်ခိုက်မှုကြောင့် မယ်ကြုတ်ကျေးရွာမှ အိမ်ထောင်စု(၃၅)စု၊ လွယ်ပါရင်(၂)ကျေးရွာမှ အိမ်ထောင်စု(၁၀)စု၊ ဖားမိုက်ကျေးရွာမှ အိမ်ထောင်စု(၇)စုနှင့် ဟွေမော်ကျေးရွာမှ အိမ်ထောင်စု(၁၁)စုတို့ နေအိမ်များအမိုးလန်ပျက်စီးပြီး လေဘေးသင့်ခဲ့ကြောင်း သိရသည်။