တိုက်ပွဲအပြီးတွင် လောက်ကိုင်ဒေသတွင်းသို့ ပြန်လည်ဝင်ရောက်လာသူဦးရေတိုးလာ…..တိုက်ပွဲမဖြစ်ပွားမီကာလအတွင်း

တိုက်ပွဲအပြီးတွင် လောက်ကိုင်ဒေသတွင်းသို့ ပြန်လည်ဝင်ရောက်လာသူဦးရေတိုးလာ…..တိုက်ပွဲမဖြစ်ပွားမီကာလအတွင်း
မေ 1, 2017
By Tachileik News Agency

တိုက်ပွဲအပြီးတွင် လောက်ကိုင်ဒေသတွင်းသို့ ပြန်လည်ဝင်ရောက်လာသူဦးရေတိုးလာ
…..
တိုက်ပွဲမဖြစ်ပွားမီကာလအတွင်း လောက်ကိုင်ဒေသတွင် နေထိုင်သူ (၉၀၀၀)ခန့်သာရှိသော်လည်း တိုက်ပွဲများအပြီး ပြန်လည်ထူထောင်ရေးကာလ၌ လောက်ကိုင်ဒေသသို့ဝင်ရောက်လာသူ ဦးရေမှာ(၁၃၀၀၀) ကျော် ရှိနေပြီဖြစ်ကြောင်း လောက်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
“မြို့အဝင်ဂိတ်ကနေ ဝင်ရောက်လာတဲ့ စာရင်းအရတော့ ဧပြီလ (၂၉) ရက်အထိ လောက်ကိုင်မြို့တွင်းကို ပြန်ပြီး ဝင်ရောက်လာတာက လူဦးရေ(၁၃၀၀၀)လောက်တော့ရှိနေပြီ။ မူလရှိတဲ့ လူဦးရေက (၉၀၀၀)ကျော် (၁၀၀၀၀) ဝန်းကျင်လောက်ပေါ့။ တချို့ကလည်း မူလလူတွေပြန်ဝင်လာတာရှိသလို နယ်ဘက်တွေကနေ လုပ်သားအဖြစ် အသစ်ဝင်လာသူတွေလည်း ရှိပါတယ်။ မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ အဆောက်အအုံပိုင်းတွေ တည်ဆောက်ရေး လုပ်ငန်းတွေမှာတော့ နည်းနည်း တော့ကျန်နေသေးတယ်။ မြို့ထဲကိုပြန်ဝင်ရောက်လာတဲ့သူတွေကိုလည်း စနစ်တကျ စိစစ်ပြီးတော့ လက်ခံနေပါတယ်” ဟု လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒေသတွင်း လုံခြုံရေးအတွက် လောက်ကိုင်ဒေသသို့ ဝင်ရောက်လာသူများအား ရပ်ကွက်အုပ်ချုပ်ရေးရုံးမှူးမှ စိစစ်လက်ခံပေးလျက်ရှိပြီး ပြန်လည်ထူထောင်ရေးကာလ လိုအပ်ချက်များကို ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တို့ ပူးပေါင်းကူညီပေးနေကြောင်း သိရသည်။
“ဒီကဒေသဦးစီးဥက္ကဌနဲ့ ဒကစမှူးရယ် ဒီကပရဟိတဖောင်ဒေးရှင်းတွေရယ် ပြင်ပအလှူရှင်တွေရယ်နဲ့ ပေါင်းပြီး တော့ ထောက်ပံ့မှုတွေ ပြန်လည်ထူထောင်ရေးတွေတော့ မတ်လကုန်ပိုင်းလောက်ကနေစပြီး လုပ်ပေးနေတာပါ။ ပြန်လည်ထူထောင်ရေးကာလအတွင်းမှာတော့ ဒီကဌာနဆိုင်ရာတွေကနေ အစားအသောက်၊ အသုံးအဆောင်တွေ ထောက်ပံ့တာတွေ နဲ့နေရပ်ပြန်ဝင်လာသူတွေအတွက် အထောက်အပံ့လုပ်ငန်းတွေကို လုပ်ပေးနေပါတယ်” ဟု လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆန်အိတ်(၃၀၀)ခန့်နှင့် ငါးသေတ္တာဘူးများ၊ အသုံးအဆောင်ပစ္စည်းများကိုလည်း မေလအတွင်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
တိုက်ပွဲကာလ တိမ်းရှောင်သွားသည့် ဒေသခံများ၏ (၈၀)ရာခိုင်နှုန်းခန့် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရပြီး တိုက်ပွဲမှာ လောက်ကိုင်မြို့ပြင် လူနေကျဲပါးသည့် ကျေးရွာအစွန်အဖျားများတွင်သာ အဖြစ်များခဲ့သဖြင့် မြို့တွင်း ပျက်စီးမှု ကြီးကြီးမားမား မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~