ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ နောင်ဖာရဲကင်းရှေ့တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် နောင်ဖာရဲကင်းမှ ပူးပေါင်းအဖွဲ့နှင့်အတူ နောင်ဖာရဲကင်းရှေ့လမ်းတွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် ယားပါဆိုသူအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ၎င်းထံက Wy စာတမ်းပါ စိတ်ကြွဆေးပြား (၂၀၀၀)ပြား နှင့် အလေးချိန် (၇.၈)ဂရမ်ရှိသည့် ဘိန်းဖြူတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ယားပါအား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
