မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ဆိပ်ဖြူ - ပခုက္ကူကားလမ်းရှိ ယောချောင်းတံတား (ကံတွင်း)အား တံတားအထူးအဖွဲ့ (၅)မှ အသစ်ပြန်လည်တည်ဆောက်မှု လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း တံတား အထူးအဖွဲ့ (၅)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)၏ ပြောကြားချက်အရ သိရသည်။
"ယောချောင်းတံတား (ကံတွင်း) ကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ် ကနဦး ခွင့်ပြုငွေ ကျပ်သန်းတစ်ထောင် အသုံးပြုပြီး လုပ်ငန်းတွေစတင်ဆောင်ရွက်နေပါပြီ။ လာမယ့်ဘတ်ဂျက်နှစ် မှာ လိုအပ်တဲ့ဘဏ္ဍာငွေ ဆက်လက်တောင်းခံပြီး ၂နှစ်အတွင်း အပြီးတည်ဆောက်သွားဖို့ ရည်မှန်းပါ တယ်" ဟု တံတားအထူးအဖွဲ့ (၅) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးညီညီဇော်က တာချီလိတ်အေဂျင်စီ သို့ပြောသည်။
၂၀၁၀ခုနှစ်က ကျရောက်ခဲ့သော အိုတူးဘီ မုန်တိုင်းကြောင့် ပျက်စီးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်ကျ ရောက်ခဲ့သည့် ဂီရိ မုန်တိုင်းကြောင့် ချောင်းရေကြီး၍ လုပ်ငန်းသုံးတည်ဆောက်ရေးပစ္စည်းများ မျောပါမှု ကြုံတွေ့ခဲ့ရသည့် အဆိုပါတံတားသည် ချင်းပြည်နယ်နှင့် ယောဒေသတို့မှ စီးဆင်းလာသော ယောချောင်း ပေါ်၌ ဖြတ်သန်းတည်ဆောက်ထားသော တံတားတစ်စင်းဖြစ်သည်။
ယခင်ချောင်းကူးတံတားမှာ အရှည် (၅၆၀)ပေ၊ အမြင့် (၂၀)ပေ သာရှိခဲ့ပြီး လက်ရှိရေ level အမြင့် ထက် ပိုမိုရန်လိုအပ်၍ ယခုတံတားသစ်မှာ အရှည် ပေ (၉၀၀)၊ အကျယ်ပေ (၃၀)၊ ယဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်းအကျယ် ဘေးတစ်ဘက်တစ်ချက်လျှင် (၃)ပေစီ ပါဝင်မည်ဖြစ်ပြီး အမြင့် (၃၃)ပေ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
"လောလောဆယ် တံတားတည်ဆောက်နေတဲ့နေရာနဲ့ ၃မိုင်လောက်ဝေးတဲ့ နေရာမှာရှိတဲ့ ဒေါသာ တံတားကို သုံးနေကြရပါတယ်၊ အဲဒီတံတားက မီးရထားဖြတ်ကူးတဲ့ တံတားဖြစ်လို့ ကားလေးတွေပဲ တစ်စီး ချင်း ဖြတ်လို့ရပါတယ်။ ယောချောင်းတံတားကြီး ပြီးသွားရင်တော့ ခရီးကြန့်ကြာမှု ရှိမှာမဟုတ်တော့လို့ ဒေသခံတွေအနေနဲ့ အမြန်ပြီးစေချင်နေကြပါတယ်" ဟု ဆိပ်ဖြူမြို့နယ် ဒေသခံ ဦးမောင်မောင်က ပြော သည်။
အဆိုပါတံတားအား ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ခွင့်ပြုငွေဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စများ အဆင်ပြေချောမွေ့နိုင်ရေး၊ ခရီးသွားပြည်သူများအတွက် လမ်းပန်း ဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိ ရသည်။
သတင်း/ဓာတ်ပုံ-ဖီးနစ်
