***************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် (၁၀)ကြိမ်မြောက် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မီးသတ်စခန်းအနောက်ဘက် ငှက်ပျောခြံတွင် နံနက် (၇)နာရီမှစ၍ ကရင်အမျိုးသားအလံလွှင့်တင်ခြင်းဖြင့် စတင်ကျင်းပသည်။
နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့အား အလေးပြုပြီးနောက် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဌ ဦးမန်းမြစောက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က နှစ်သစ်မိန့်ခွန်းပြောကြားခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာဖတ်ကြားခြင်း၊ ဒေါ်နော်မူအေး၊ ဒေါ်နန့်ဖောင်မာ၊ ဆရာ Saw Rolandတို့က ကရင်နှစ်သစ်ကူးသဝဏ်လွှာဖတ်ကြားခြင်း၊ ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ၊ ကရင်အမျိုးသားအလံနှင့် အမျိုးသားသီချင်းများအကြောင်းရှင်းပြခြင်း၊ ဦးစောကျော်စွာဝင်းက မျိုးဆက်သစ်ကရင်လူငယ်များအား ဆုံးမသြဝါဒစကားပြောကြားခြင်းနှင့် ဦးဇော်လင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းနှင့် ကရင်တိုင်းရင်းသားရိုးရာအကများဖြင့် ဆက်လက်ဖျော်ဖြေခြင်း၊ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်းတို့ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး ညနေ(၅)နာရီတွင် ကရင်အမျိုးသားအလံတော်ချခြင်းနှင့် အခမ်းအနားပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနှစ်သစ်ကူးပွဲတော်သို့ ဒေသတွင်းမှ ကရင်တိုင်းရင်းသားများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Tachileik News Agency
ဓါတ်ပုံ #ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း