ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ဖြန့်ဖြူးနေသည့် လျှပ်စစ်ကို ထိုင်းနိုင်ငံမှ ရယူဖြန့်ဖြူးနေပြီး ပျောက်ဆုံး ယူနစ်များလျှော့ချနိုင်ရန်အတွက် (၇၀) မီလီမီတာ ကြိုးများနေရာတွင် (၁၅၀) မီလီမီတာကြိုးများဖြင့် အစားထိုး လဲလှယ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ယခင်သွယ်တန်းထားသည့် ကြိုးများမှာ အကာအရံမပါသဖြင့် လေပြင်းတိုက်ခတ်ချိန်တွင် မီးကြိုးများထိခတ်မိပြီး ပျောက်ဆုံးယူနစ်များ ဖြစ်ပေါ်နေသဖြင့် မီးကြိုးများ လဲလှယ်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားမှ ကျွန်းတောအထိ (၂) ကီလိုမီတာအကွာအဝေးကို (၇၀) မီလီမီတာ ကြိုးများအစား (၁၅၀) မီလီမီတာကြိုးများဖြင့် လဲလှယ်တပ်ဆင်ခဲ့ကြောင်း၊ လဲလှယ်တပ်ဆင်ပြီးနောက်ပိုင်တွင် ယခင်က ပျောက်ဆုံးယူနစ် (၁၉) ရာခိုင်နှုန်းမှ လက်ရှိတွင် (၁၀) ရာခိုင်နှုန်းကျော်သာ ရှိတော့သဖြင့် ထပ်မံပြီး (၃) ကီလိုမီတာထပ်မံလဲလှယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
"(၃) ကီလိုမီတာက ပါလျှံမီးပွိုင့်ချဲ့ပြီးလုပ်မှာပေါ့။ ပါလျှံမီးပွိုင့်က (၅၂) တိုင်လဲရမယ်။ အခုကအသစ်တွေစိုက်နေပြီ။ ပစ္စည်းတွေက ၀ယ်ပြီးပြီ။ ဂွေပေါင်း (၆၀) လောက်ဝယ်ပြီးပြီ။ ကြွေသီးတွေ ဘာတွေရောဝယ်ပြီးပြီ။ ပါလျှံက ဆက်သွယ်ရေး၊ စည်ပင်ကလည်းပါတော့ မြောင်းတူးမှာဘယ်လောက်။ လမ်းအကျယ်ကဘယ်လောက်၊ လမ်းဧရိယာကဘယ်လောက် ညှိနေတော့ကြာနေတာပေါ့"ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မီးကြိုးများ လဲလှယ်ရာတွင် မီးတိုင်အသစ်များနှင့် ကြွေသီးအသစ်များ တပ်ဆင်သွားမည်ဖြစ်ပြီး အားလုံးပြီးစီးမှသာ မီးကြိုးလဲလှယ်ခြင်းများ ဆောင်ရွက်မည်ဖြစ် ယင်းသို့လုပ်ဆောင်ရခြင်းမှာ မီးကြိုးလဲလှယ်ချိန်တွင် မီးဖြတ်တောက်ရမည့် အချိန်နည်းပါးစေရန်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့မီးလင်းရေးကော်မတီအနေဖြင့် ဖြန့်ဖြူးနေသည့် မီတာခများလျှော့ချနိုင်ရေးအတွက် ဇူလိုင်လ (၅) ရက်နေ့တွင် ပြည်တွင်းကုမ္ပဏီ (၁) ခုနှင့်ဆွေးနွေးရန်ရှိနေပြီး ဇူလိုင်လ (၉) ရက်နေ့တွက်လည်း ထိုင်းနိုင်ငံ Allular ကုမ္ပဏီနှင့်လည်း တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်