ကောလင်းမြို့နယ်ကို စစ်ကောင်စီက ဆက်တိုက် လေကြောင်းတိုက်ခိုက်နေ၍ နှစ်ရက်အတွင်း အရပ်သား ၃ ဦးသေဆုံး

ကောလင်းမြို့နယ်ကို စစ်ကောင်စီက ဆက်တိုက် လေကြောင်းတိုက်ခိုက်နေ၍ နှစ်ရက်အတွင်း အရပ်သား ၃ ဦးသေဆုံး
ဧပြီ 11, 2025 | အခြားဒေသများ

စစ်ကောင်စီလေတပ်သည် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ၍ နှစ်ရက်အတွင်း အရပ်သား (၃)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရသည်ဟု Kawlin Info ထံမှ သိရသည်။

စစ်ကောင်စီလေတပ်သည် ကောလင်းမြိုနယ် တောင်ဘို့လှအုပ်စု လျှော်ဖြူကုန်းရွာကို ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၁၁)ရက်နေ့ ညနေ(၃) နာရီခွဲအချိန်တွင် ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြင်ဦးလွင်ရပ်ကွက်မှ လာရောက်စစ်ရှောင်နေသော အသက်(၅၆)နှစ်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးသည်ဟု သိရသည်။

“ကောလင်းမြို့ပေါ်  ပြင်ဦးလွင်ရပ်ကွက်က စစ်ရှောင်လာတဲ့ လင်မယားနှစ်ယောက်နေတဲ့ အိမ်ကိုကျသွားတယ်။ မိန်းမဖြစ်သူ ခေါင်းပြတ်ပြီး သေဆုံးသွားတယ်။ တစ်ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးလည်း လမ်းမှာဆုံးသွားပြီ။”ဟု KawLin Info မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ထို့အပြင် ညနေ (၃)နာရီဝန်းကျင်တွင်လည်း ကောလင်းမြို့နယ် အရှေ့ခြမ်း ကချင်ကုန်းရွာတဝိုက်ကို စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်သွားဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုသည် လမ်းမဘေးသို့ ဗုံးဆံများ ကျရောက်ပြီး ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။

"စစ်ကြောင်းလည်း မထိုးဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး။"ဟု KawLin Info မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ယမန်နေ့က ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းကလည်း ကောလင်းမြို့နယ် အင်ပင်လှရွာ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်၍ အရပ်သားတစ်ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီလေတပ်သည် ပေါင်(၅၀၀) ဗုံးနှစ်လုံးကြဲချ၍ သမီးဖြစ်သူ(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးပါ အမျိုးသမီးနှစ်ဦးနှင့် အဖိုးအိုတစ်ဦးတို့ ဒဏ်ရာရသည်ဟု သိရသည်။

#TachileikNewsAgency

Photo:Kawlin info