မိုင်းပျဉ်းမြို့တွင် လက်ဖက်သွားခူးသည့် အသက်(၅၀)ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ  

မိုင်းပျဉ်းမြို့တွင် လက်ဖက်သွားခူးသည့် အသက်(၅၀)ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ  
ဧပြီ 9, 2025 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ဝမ်ကျန်းကျေးရွာတွင် လက်ဖက်သွားခူးသည့် အသက်(၅၀)ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်သည် မိုင်းပျဉ်းမြို့နယ်၊ မိုင်းပူးအွန်ကျေးရွာအုပ်စုအတွင်း ဝမ်ကျန်းကျေးရွာတွင် ၂၀၂၅ခုနှစ် ဧပြီလ (၈)ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဧပြီလ(၈)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က အသက်(၅၀)ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးသည် လက်ဖက်စိုက်ခင်းသို့ သွားပြီး လက်ဖက်ခူးရာ ညနေစောင်းအထိ နေအိမ်သို့ ပြန်လာခြင်းမရှိ၍ မိသားစု အပါအဝင် ရွာသူရွာသားများအားလုံး သွားရောက် ရှာဖွေရာ ည(၈)နာရီခွဲဝန်းကျင် အချိန်တွင် တောတွင်းတစ်နေရာ၌ အဆိုပါ အမျိုးသမီး သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

"လက်ဖက်ခင်းကနေ ညနေစောင်း အထိ ပြန်မလာလို့ သူ့အိမ်သားတွေက စိတ်ပူပြီး လက်ဖက်ခြံအထိ သွားရှာတာ မတွေ့တော့ ည (၇)နာရီခွဲကျော်လောက်မှာ ရွာသူကြီးက တစ်အိမ်တစ်ယောက် တစ်ရွာလုံးကို လွှတ်ပြီး တောထဲရှာခိုင်းခဲ့ပါတယ်။ အဲ့လို လူအများကြီးနဲ့ခွဲရှာလိုက်တော့ သေဆုံးနေတဲ့ အလောင်းကို တွေ့ခဲ့ရတယ်"ဟု ဒေသခံတစ်ဦးက Tachleik News Agency သို့ ဧပြီလ (၉)ရက်နေ့တွင် ပြောသည်။

အဓမ္မပြုကျင့်ပြီး သတ်ခံရသည့် အမျိုးသမီးမှာ အသက်(၄၅)မှ အသက်(၅၀)ဝန်းကျင်အရွယ် ရှိသူဖြစ်ကြောင်း သိရပြီး ၎င်းတွင် သားသမီး(၃)ဦးရှိကြောင်း သိရသည်။

သတ်ခံရသူ၏ ခန္ဓာကိုယ်တွင် ဓါးဒဏ်ရာအပြင် တူးမီးသေနတ်ဖြင့် ပစ်ခတ်ခံထားရသည့် ဒဏ်ရာလည်း တွေ့ရှိရကြောင်းနှင့် သတ်ခံရသူ အမျိုးသမီး၏ ပိုက်ဆံအိတ်လည်း ပျောက်ဆုံးနေကြောင်း သိရသည်။

"ရဲတွေ လာစစ်ကြည့်တော့ တူမီးသေနတ်နဲ့လည်း ရင်ဘတ်ကို ပစ်ထားတယ်လို့ပြောပါတယ်။ အဲ့ဒါနဲ့ ဆက်စပ်ပြီး သတ်တဲ့သူကိုလည်း ရွာသူကြီးတွေနဲ့ ပူးပေါင်းပြီးတော့ သံသယရှိသူ (၂)ဦးဖြစ်တဲ့ အိုက်ကျို နဲ့ အိုက်ကျလော (၂)ယောက်ကို ဖမ်းဆီးပြီး ရဲလက်အပ်လိုက်တယ်"ဟု နောက်ထပ် ဒေသခံ တစ်ဦးက ဆိုသည်။

သံသယဖြင့် ဖမ်းမိထားသူ (၂)ဦးအနက် မိုင်းပျဉ်းမြို့မရဲစခန်းတွင် ဖမ်းဆီးခေါင်ဆောင်က စစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့က ၎င်းတို့(၂)ဦးသည် သက်သေမခိုင်လုံ၍ဟုဆိုကာ ဧပြီလ (၉)ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

"ဖမ်းထားတဲ့ အိုက်ကျို နဲ့ အိုက်ကျလောကို သက်သေ မခိုင်လုံဘူးဆိုပြီး ရဲက ပြန်လွှတ်လိုက်ပြီ။ အဲ့ဒါကြောင့် ခုထိတရားခံ မမိသေးဘူး။  တရားခံမမိသေးတော့ အခုဆို လူတိုင်းကြောက်နေကြတယ်။ ရွာအနီး လယ်ယာသွားမဲ့ အမျိုးသမီးတွေလည်း မသွားရဲကြတော့ဘူးဖြစ်နေတယ်။"ဟု ၎င်းက ပြောသည်။

ဝမ်ကျန်းကျေးရွာတွင် ယခုလို အဓမ္မပြုကျင့်သည့် ဖြစ်စဉ်နှင့် လူသတ်မှုမျိုး ယခင်က ဖြစ်ပွားဖူးခြင်းမရှိ၍ တရားခံကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့အနေဖြင့် အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးပေးနိုင်ခြင်း မရှိသ၍  ကျေးရွာနေ တောင်သူအမျိုးသမီးများ နှင့် အမျိုးသမီးငယ်များမှာ ကြောက်စိတ်ဖြင့် သွားလာနေရမှာဖြစ်ပြီး တောင်ယာစိုက်ခင်းသို့ သွားလာရာမှာလည်း မလုံခြုံမှုများ ရှိနေမည်ဟု ဒေသခံများက ဆိုသည်။

#TachileikNewsAgency