တောင်ကြီး ရွှေဘုန်းပွင့်ဘုရား ထီးတော်တင်ပွဲ  အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်မည် 

တောင်ကြီး ရွှေဘုန်းပွင့်ဘုရား ထီးတော်တင်ပွဲ  အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်မည် 
ဧပြီ 9, 2025 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ထီးတော်သစ် တင်လှူပူဇော်ပွဲသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ပြီး ရှမ်း(တောင်)ခရီးစဉ်အတွင်း ငလျင်ဘေးဒဏ်သင့်ရာ ဒေသများသို့ သွားရောက် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။

 ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ထီးတော်အသစ် တင်လှူပူဇော်ပွဲကို ၂၀၂၅ခုနှစ် ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့ တက်ရောက်မည်ဟု သတင်းရင်းမြစ်များထံက သိရသည်။

"မနက်ဖြန် မအလ လာမှာ။ ထီးတင်ပွဲလာရင်းနဲ့ ငလျင်သင့်နေရာတွေကို လိုက်ကြည့်မယ်လို့ သိရတယ်။"ဟု သတင်းရင်းမြစ် တစ်ဦးက Tachileik News Agency သို့ ဧပြီလ(၉)ရက်နေ့တွင် ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငလျင်ဘေးသင့်ရာ အောင်ပန်းနှင့် အင်းလေးဒေသအထိ သွားရောက်မည်ဟုလည်း သိရသည်။

ရွှေဘုန်းပွင့်ဘုရားသည် တောင်ကြီးမြို့၏ အရှေ့ဘက် တောင်တန်းကြီးအလယ်တွင် တည်ရှိ၍ ဒေသခံများ၏ ယုံကြည်ကိုးကွယ်မှု အားကောင်းသော ဘုရားတစ်ဆူ ဖြစ်ကာ တောင်ကြီးမြို့ကို အပေါ်စီးမှ လှမ်းမျှော်ကြည့်ရှုနိုင်သည်။