မန္တလေး Sky Villa နှင့် Win Star Hotel ပျက်များအောက်မှ သေဆုံးသူ (၄)ဦး ထပ်တွေ့

မန္တလေး Sky Villa နှင့် Win Star Hotel ပျက်များအောက်မှ သေဆုံးသူ (၄)ဦး ထပ်တွေ့

မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျမှုအတွင်း ပိတ်မိနေသူများအား ဆက်လက်ရှာဖွေနေရာ ၂၀၂၅ ခုနှစ် ဧပြီလ (၈)ရက်နေ့ ညနေပိုင်းအချိန်ထိ သေဆုံးသူ (၄)ဦး၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။

ငလျင်ကြောင့် ပြိုကျသည့် အောင်မြေသာစံမြို့နယ်ရှိ  Sky Villa အတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေကြရာ  ကလေးတစ်ဦး အပါအဝင် အမျိုးသား (၃)ဦး၏ ရုပ်အလောင်းများကို တွေ့ရကြောင်း မီးသတ်တပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

အလားတူ ငလျင်ကြောင့် ပြိုကျထားသည့် မန္တလေးမြို့၊ ၄၁လမ်း၊ ၈၃×၈၄လမ်းကြားရှိ Win Star Hotel အပျက်အစီးများအောက်မှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ညနေပိုင်းတွင် တွေ့ရသည်ဟု သိရသည်။

ယမန်နေ့ကလည်း Sky Villa အဆောက်အဦးပြိုကျမှုအတွင်းမှ အမျိုးသမီး (၈)ဦး၊ အမျိုးသား (၁)ဦး၊ မိန်းကလေး ကလေးငယ် (၃)ဦးနှင့် ယောကျ်ားလေး ကလေးငယ်(၁)ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျနေသည့်  ၇၈ လမ်း (၄၁x၄၂)ကြား၊ Great Wall Hotel၊ ၇၃လမ်း၊ ၂၉လမ်းရှိ တိမ်ဖြူဟိုတယ်၊ ၄၁လမ်း၊ ၈၃×၈၄လမ်းကြား၊ RCC (၆)ထပ်  Win Star Hotel၊ (၃၆)လမ်း၊ (၇၉x၈၀) လမ်းကြားရှိ TULIPတည်းခိုခန်း၊ ၈၀လမ်း၊ ၂၁ x ၂၂ လမ်းကြားရှိ အင်ကြင်းကွန်ဒိုတို့အပါအဝင် ပုဂ္ဂလိကအဆောက်အဦများစွာတွင် ပိတ်မိနေသူများအား ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။

စစ်ကိုင်းကို အခြေပြုသည့် ပြင်းအား (၇.၇)ငလျင်ကြောင့် မန္တလေးတွင် ပြိုကျသည့် အဆောက်အဦပျက်များအောက် ပိတ်မိနေသူများအား ရှာဖွေနေကြရဆဲဖြစ်ပြီး ဧပြီလ (၇)ရက်နေ့အထိ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအနေဖြင့် သေဆုံးသူ (၃,၆၀၀)နှင့် ဒဏ်ရာရသူ (၅,၀၁၇)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:MSFD