လားရှိုးမြို့တွင်း လက်နက်ကြီးကျ၍ ပျက်စီးသွားသည့် နေအိမ်များကို MNDAA က တစ်အိမ်လျှင် သိန်း ၅၀ လျော်ကြေးပေး  

လားရှိုးမြို့တွင်း လက်နက်ကြီးကျ၍ ပျက်စီးသွားသည့် နေအိမ်များကို MNDAA က တစ်အိမ်လျှင် သိန်း ၅၀ လျော်ကြေးပေး  
ဧပြီ 7, 2025 | ရှမ်းမြောက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ပျက်စီးသွားသည့် လားရှိုးမြို့မှ နေအိမ်များကို ကိုးကန့်တပ်(MNDAA)က ယနေ့  ၂၀၂၅ ခုနှစ် ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းကစ၍ လျော်ကြေးငွေပေးနေပြီဟု ဒေသခံများထံမှ သိရသည်။ 

 

စစ်ဆင်ရေးကာလအတွင်း MNDAA က ပစ်ခတ်၍ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ပျက်စီးခဲ့ရသည့် လားရှိုးမြို့ရှိနေအိမ်ပိုင်ရှင်များကို ယူနန်ခန်းမတွင် ယနေ့ နံနက်(၉)နာရီကစတင်၍ လျော်ကြေးငွေပေးအပ်နေသည်ဟု သိရသည်။

“ကျွန်တော်တို့ရပ်ကွက်ထဲက အိမ်ပိုင်ရှင်တစ်ဦးကိုတော့ သိန်း(၅၀)ပေးတယ်။ အခြားရပ်ကွက်တွေကိုလည်း လျော်ကြေးငွေပေးနေတယ်။ ဘယ်နှစ်အိမ်ရတယ်ဆိုတာတော့ မသိရသေးဘူး။ တစ်အိမ်ကို သိန်း(၅၀) အနည်းဆုံးလို့ ထင်တာပဲ။ မပြီးသေးဘူး အခုထိပေးနေတယ်။ တစ်ထပ်တိုက်အိမ်လေး မီးလောင်သွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း လားရှိုးမြို့တွင် MNDAA၏ ရှေ့ပြေးမီးကျည်များ ကျရောက်ပေါက်ကွဲကာ မီးဘေးသင့်သွားသည့်နေအိမ်များအား MNDAA ဘက်က မှတ်တမ်းယူထားပြီး လျော်ကြေးပြန်ပေးရန် ယမန်နေ့ကတည်းက အိမ်ပိုင်ရှင်များထံ အကြောင်းကြားသည်ဟု သိရသည်။

“စစ်ကောင်စီကြောင့်ဆို ဘယ်သူ့အိမ်မှ မလျော်ပေးဘူး။ နှစ်ဘက်ပစ်နေတဲ့အချိန် လေယာဥ်လာကြဲတဲ့အချိန်တွေမှာ ထိတာတွေမပေးဘူး။ ကျွန်တော်တို့ ရပ်ကွက်ထဲက စစ်ကောင်စီကို ထောက်ခံတဲ့အိမ်ဆို ပိုင်ရှင်တွေက အခုတောင်ကြီးမှာ အလုပ်ဝင်နေတယ်။ MNDAAက လျော်ကြေးငွေ သိန်း(၅၀)ပေးလို့ ကိုယ်စားယူကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

MNDAA သတင်းအရင်းအမြစ်ကမူ လူဦးရေမည်မျှနှင့် ငွေပမာဏမည်မျှပေးသည်ကို သတင်းထုတ်ပြန်ပေးမည်ဖြစ်ပြီး ပျက်စီးသွားသည့်အိမ်တစ်အိမ်လျှင် ငွေကျပ်သိန်း (၅၀)နှုန်း ပေးနေခြင်းဖြစ်သည်ဟု Tachileik News Agency ကို အတည်ပြုသည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် MNDAA သည် ဧပြီလ (၂၁)ရက်နေ့တွင် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာမည်ဟု သိရသည်။

#TachileikNewsAgency