၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ပျက်စီးသွားသည့် နေအိမ်များကို ကိုးကန့်တပ်(MNDAA)က ၂၀၂၅ ခုနှစ် ဧပြီလ(၇)ရက်နေ့တွင် လျော်ကြေးငွေ ပေးအပ်မည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ဆင်ရေးကာလအတွင်း MNDAA က ပစ်ခတ်၍ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ပျက်စီးခဲ့ရသည့် နေအိမ်ပိုင်ရှင်များကို ယူနန်ခန်းမတွင် လျော်ကြေးငွေပေးမည်ဟု ဆိုသည်။
"ဒုတိယလှိုင်းအတွင်း ထိခိုက်မိတဲ့အိမ် မီးသင့်သွားတဲ့အိမ်တွေကို MNDAA က လျော်ကြေးပေးမယ်။ သူတို့မှတ်တမ်းရှိတယ်။ ရှေ့ပြေးမီးကျည်ကျတဲ့အိမ်တွေကို လျော်ကြေးပြန်ပေးတာ။ သူတို့ပစ်လို့ ပစ်မှတ်လွဲတဲ့အိမ်တွေကိုပေါ့။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
အဆိုပါနေအိမ်များကို လျော်ကြေးငွေပေးရန် MNDAA၏ အုပ်ချုပ်ရေးပိုင်းဘက်က အိမ်ပိုင်ရှင်များထံ ဆက်သွယ်အကြောင်းကြားလာသည်ဟု သိရသည်။
"နေအိမ်ဘယ်လောက်ရှိတယ်။ ဘယ်လောက် ပြန်လျော်ကြေးပေးမယ်ဆိုတာကိုတော့ မနက်ဖြန်မှ သိရမယ်။"ဟု ၎င်းက ဆက်ပြောသည်။
တရုတ်အစိုးရ၏ ဖိအားကြောင့် MNDAA သည် ဧပြီလ (၂၁)ရက်နေ့တွင် လားရှိုးမြို့မှ ဆုတ်ခွာမည်ဖြစ်သော်လည်း MNDAA ၏ အထူးဒေသ(၁) စစ်ဦးစီးချုပ်အပါအဝင် ဆက်ဆံရေးရုံး၊ ရဲဌာနနှင့် ကာကွယ်ရေးတို့ လားရှိုးမြို့တွင် ဆက်လက်ရှိနေမည်ဟု သိရသည်။
"နောက်ဆုံးသိရတာက လားရှိုးကို စစ်ကောင်စီက တစ်ရက်ကွက်ကို ၂၅ ဦးဘဲ စာရင်းနဲ့ ဝင်လို့ရမယ်။ နောက်ပြီး သေနက် (၃)လက်ဘဲ ယူခွင့်ပြုတယ်။"ဟု MNDAA နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် MNDAA သည် ဌာနဆိုင်ရာများမှ ပစ္စည်းများကို သယ်ယူပြောင်းရွှေ့နေပြီး ဧပြီလ (၂၀)ရက်နေ့ အပြီး ပြောင်းရွှေ့ရန် ပြင်ဆင်နေသည်ဟု သိရသည်။
#TachileikNewsAgency