အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီလေတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်၍ နေအိမ်(၄)လုံး ပျက်စီးသွားသည်ဟု TNLA ထံမှ သိရသည်။
၂၀၂၅ခုနှစ် ဧပြီလ (၅)ရက်နေ့ ည(၁၀)နာရီကျော်တွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာတို့ကို ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်၍ နေအိမ် (၄)လုံး ထိမှန်ပျက်စီးသွားသည်ဟု သိရသည်။
ထို့အပြင် ဧပြီလ (၄)ရက်နေ့လည်း စစ်ကောင်စီတပ်သည် မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်အောက်အနီးကို ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်သည်ဟု ဆိုသည်။
အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ (၃)ရက်တွင် သပိတ်ကျင်းမြို့နယ် (၇)မိုင်ကိုလည်း ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်၊ ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်တွင် အင်အားများ ဖြည့်တင်းခြင်း၊ တိုက်ပွဲများအတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများ မဖြစ်ပွားခဲ့သောနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ရေးလုပ်မည်ဟုဆိုကာ ဧပြီလ(၂)ရက်နေ့မှ (၂၂) ရက်အထိ အပစ်ရပ်ကြေညာထားခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: PSLF/TNLA News