ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဧပြီလ (၂၃)ရက်နေ့ကစ၍ အထိုင်ချတော့မည်ဟု MNDAA သတင်းအရင်းအမြစ်ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် မန္တလေးမြို့အထွက် မယ်ဟန်စစ်ဆေးရေးဂိတ်၊ နမ္မတူအထွက် မြို့ရှောင်လမ်းဆုံ၊ မူဆယ်အထွက် အေတီတံတား-ကုန်းညောင်- နတ်စင်-ဟက်ကာရွာမှ ပြည်သူ့စစ်ရုံးအထိ အထိုင်ချမည်ဟု သိရသည်။
"အဲဒါက စစ်ကောင်စီ အထိုင်ချမယ့် နယ်နိမိတ်ပါ။ MNDAA ကတော့ မြို့အပြင်ဘက်မှာ "ပ"ပုံစံနဲ့ အထိုင်ချမှာပါ။ လားရှိုးကိုလာရင် စစ်ကောင်စီက အစစ်အဆေးလုပ်မယ်။"ဟု MNDAA သတင်းအရင်းအမြစ်က ဆိုသည်။
လက်ရှိတွင် MNDAA သည် ဌာနဆိုင်ရာရုံးများမှ ပစ္စည်းများကို ဧပြီလ (၂၀)ရက်နေ့တွင် အပြီးပြောင်းရွှေ့ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။
စစ်ကောင်စီပြန်ဝင်လာသော်လည်း MNDAA ၏ အထူးဒေသ(၁) စစ်ဦးစီးချုပ် အပါအဝင် ဆက်ဆံရေးရုံး၊ ရဲဌာနနှင့် ကာကွယ်ရေးတို့သည် လားရှိုးမြို့တွင် ဆက်လက်ရှိနေမည်ဖြစ်သည်ဟု MNDAA သတင်းအရင်းအမြစ်ကပြောသည်။
စစ်ကောင်စီဝင်လာပါက တိုက်ပွဲကာလအတွင်း ထောင်ပွင့်၍ လွတ်လာသော နိုင်ငံရေးအကျဥ်းသားများ ပြောင်းရွှေ့နေထိုင်ကြရန်လည်း စာရင်းပြုစု တင်ပြခိုင်းထားသည်။
"ဝန်ထမ်းလုပ်ထားသူတွေ လိုက်မယ်၊ မလိုက်ဘူး။ အလုပ်ပြန်လုပ်မယ်၊ မလုပ်ဘူးကိုတော့ ဧပြီလ(၈)ရက်နေ့ စာရင်းပေးခိုင်းထားတယ်။"ဟု ၎င်းက ဆက်ပြောသည်။
တရုတ်၏ ဖိအားပေးမှုကြောင့် MNDAA သည် လားရှိုးမြို့မှ ဧပြီလ (၂၁)ရက်နေ့ အပြီးဆုတ်ခွာပေးရမည်ဟု သိရသည်။
#TachileikNewsAgency