နိုင်ငံအတွင်း ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ကူညီရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာများ ပူးပေါင်းပြီး အလှူခံမဏ္ဍပ် (၃)ခု ဖွင့်လှစ်ကာ အလှူငွေများ လက်ခံပေးနေလျှက်ရှိကြောင်း သိရသည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် ဗဟိုအလှူခံမဏ္ဍပ်အနေဖြင့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အောင်မြတ်ခန်းမရှေ့တွင် ဖွင့်လှစ်ထားပြီး နောက်ထပ် အလှူခံမဏ္ဍပ်တခုအနေဖြင့် တာချီလိတ်-တာလေ သွားလမ်းပေါ်ရှိ ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းတွင် ဖွင့်လှစ်ပေးထားပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားအနီးတွင်လည်း ဖွင့်ထားကြောင်း သိရသည်။
အောင်မြတ်ခန်းမရှေ့တွင် ဖွင့်လှစ်ထားသည့် အလှူခံဌာနတွင် ၂၀၂၅ခုနှစ် မတ်လ(၃၁)ရက်နေ့က ထိုင်းဘတ်ငွေ (၁၂၀,၀၀၀)ကျော် နှင့် မြန်မာကျပ်ငွေ (၃၆)သိန်းကျော် ရရှိခဲ့ကြောင်း နှင့် ဧပြီလ (၁)ရက်နေ့တွင် ထိုင်းဘတ်ငွေ (၁၆၇,၁၀၀) နှင့် ကျပ်(၁၆,၆၇၅,၀၀၀)ရရှိကြောင်း သိရသည်။
တာချီလိတ်-တာလေ သွားလမ်းပေါ်ရှိ ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းတွင် ဖွင့်လှစ်ထားသည့် အလှူခံဌာနတွင် ဧပြီလ(၁)ရက်နေ့က ထိုင်းဘတ်ငွေ (၁၉,၃၁၀)ဘတ် နှင့် မြန်မာကျပ်ငွေ (၈၅၈,၄၀၀)ရရှိကြောင်း သိရသည်။
အလှူခံဌာန (၂)ခုတွင် ဧပြီလ(၁)ရက်နေ့ ညပိုင်းအထိ (၂)ရက်အတွင်း အလှူခံဌာန(၂)ခုမှ ထိုင်းဘတ်ငွေ (၃)သိန်းကျော် နှင့် မြန်မာကျပ်ငွေ သိန်း(၂၀၀)ကျော် ရရှိကြောင်း သိရသည်။
သီးခြားအနေဖြင့် တာချီလိတ်မြို့မှ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များက မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် ကျပ်သိန်းပေါင်း (၉,၁၂၄)သိန်း လှူဒါန်းထားကြောင်းလည်း သိရသည်။
မန္တလေးတိုင်းဒေသအတွင်း ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့နိုင်ရန် တာချီလိတ်မြို့မှ တာ့ဟွာတရုတ်ဘုံကျောင်းမှ ဦးဆောင်ပြီး စေတနာရှင်များနှင့် စုပေါင်းကာ လှူဒါန်းသည့် ကျပ်သိန်း(၃,၀၀၀)ဝန်းကျင်တန်ဖိုးရှိ လူသေအလောင်းများထည့်ရန် အိတ်(Dead body bag) နှင့် လက်အိတ်များ အပါအဝင် ဆေးဝါးနှင့် အစားအသောက်များ ပါဝင်သည့် ထောက်ပံ့ပစ္စည်းများ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့သည် ၂၀၂၅ခုနှစ် ဧပြီလ(၁)ရက်နေ့က ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း သိရသည်။
အလားတူ တာချီလိတ်မြို့မှ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းလည်း သွားရောက် ကူညီမှုများလုပ်ဆောင်နေသလို အချို့လူမှုရေးအသင်းအဖွဲ့များ နှင့် စေတနာရှင် အစုအဖွဲ့များကလည်း သွားရောက် ကူညီနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
#TachileikNewsAgency