ရှမ်း(တောင်)မှ ငလျင်ဒဏ်သင့် ပြည်သူများကို RCSS က ငွေကြေးထောက်ပံ့ 

ရှမ်း(တောင်)မှ ငလျင်ဒဏ်သင့် ပြည်သူများကို RCSS က ငွေကြေးထောက်ပံ့ 
ဧပြီ 1, 2025 | ရှမ်းတောင်

ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ နှင့် ညောင်ရွှေတို့ရှိ ဆေးရုံတို့တွင် ရောက်နေသည့် ဒဏ်ရာရပြည်သူ (၄၇)ဦးကို တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က သွားရောက်ကူညီပေးသည်ဟု သိရသည်။

ညောင်ရွှေမြို့နယ် နန့်ပန်ဆေးရုံနှင့် တောင်ကြီးမြို့နယ် စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိနေသည့် ဒဏ်ရာရသူ(၄၇)ဦးကို ၂၀၂၅ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် RCSS က သွားရောက်ပြီး ကူညီပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် မြေငလျင်ဒဏ်ကြောင့် အိုးအိမ်များပျက်စီးသဖြင့် ခေတ္တခိုလှုံရန် ရောက်ရှိနေကြသော ညောင်ရွှေမြို့ နယ် နောင်ကန်နှင့် တိတ်နန်းဘုန်းတော်ကြီးကျောင်းများမှ ငလျင်ဘေးရှောင်လူထုများသို့လည်း ကျပ်သိန်း(၈၀) ကူညီပေးခဲ့သည်ဟု သိရသည်။

မြေငလျင်ဒဏ်ကြောင့် သေကြေဒဏ်ရာရမှုများရှိခဲ့သော်လည်း ယခုအချိန်အထိ မည်သည့်အဖွဲ့အစည်းကမျှ အင်းလေးဒေသသို့ ကယ်ဆယ်ရေးလုပ်ငန်းများလာရောက် ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း နှင့် လူလူချင်းစာနာထောက်ထားမှုကိုရှေ့ထားပြီး ဆက်လက် ကြိုးပမ်းသွားမည်ဟုလည်း RCSS ဘက်က ထုတ်ပြန်သည်။

အင်လေးဒေသအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံး ဒဏ်ရာရရှိမှု နှင့် နေအိမ် ပြိုပျက်မှု အခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရရှိထားသည့် စာရင်းနှင့် မြေပြင်ကွင်းဆင်းပြီး ကူညီဆောင်ရွက်ကာ စစ်တမ်းကောက်ခံသူများ၏ စာရင်းတို့မှာ အတော်လေးကွာဟနေကြောင်းလည်း သိရသည်။

Photo: RCSS

#TachileikNewsAgency