လားရှိုးမြို့တွင် အစ္စလာမ်ဘာသာဝင်များက ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဆုတောင်းခြင်းနှင့်အတူ အလှူငွေကောက်ခံခြင်းများ လုပ်ဆောင် 

လားရှိုးမြို့တွင် အစ္စလာမ်ဘာသာဝင်များက ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဆုတောင်းခြင်းနှင့်အတူ အလှူငွေကောက်ခံခြင်းများ လုပ်ဆောင် 

လားရှိုးမြို့နေ အစ္စလာမ်ဘာသာဝင်များက နိုင်ငံအတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက် အီးဒ်နမာဇ်ရွတ်ဖတ်ပူဇော် ဆုတောင်းခြင်းနှင့်အတူ ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် အလှူငွေကောက်ခံခြင်းကို ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းက  ပြုလုပ်သည်ဟု သိရသည်။

အထူးဒေသ(၁) လားရှိုးမြို့တွင်း  ဘူတာဗလီ၊ လားရှိုးကြီးဗလီ၊ ရပ်ကွက် (၇) ဝတ်ပြုဆောင် နှင့် ဈေးကြီးဂျာမေးဗလီတို့တွင် ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ပြီး ငလျင်ဘေးသင့် ပြည်သူများအပေါ် စာနာထောက်နာခြင်းနှင့်အတူ ဝမ်းနည်းကြေကွဲသည့်အနေဖြင့် ပျော်ပွဲ၊ ရွှင်ပွဲများ ပြုလုပ်ခြင်းမရှိဘဲ  ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေကောက်ခံခြင်းများသာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ငလျင်ဘေးသင့်ဒေသရှိ ပြည်သူများအတွက် ဝမ်းနည်းကြေကွဲသည့်အနေဖြင့် ပျော်ပွဲ၊ ရွှင်ပွဲများပြုလုပ်ခဲ့ခြင်းမရှိဘဲ ငလျင်ဘေးသင့်ဒေသရှိ ပြည်သူများထံ လှူဒါန်းရန် အလှူငွေ ကောက်ခံသည်ဟု ဆိုသည်။

"ကျွန်တော်တို့ ဒီမှာအေးချမ်းစွာဝတ်ပြုနိုင်ပေမဲ့ ငလျင်ဘေးသင့်ဒေသက ပြည်သူတွေအတွက်အထူးစိတ်မကောင်းဖြစ်ရပါတယ်။ မန္တလေးမှာဆို ဗလီတွေ ပြိုကုန်တယ်လေ။ ဗလီကျောင်းတော်တွေရဲ့သက်တမ်းက နှစ်ပေါင်းရာနဲ့ချီနေပြီ။ ငလျင်ဒဏ်ဘယ်ခံနိုင်ပါ့မလဲဗျာ။ ငလျင်လှုပ်တဲ့ အချိန်ကလည်း ဥပုသ်လဆိုတော့ ဗလီမှာ လူများတယ်လေ။ မတွေးရဲစရာပါပဲဗျာ၊။ အဲ့ဒါကြောင့် ဒီမှာ ဝတ်ပြုဆုတောင်းတာရယ် အလှူငွေကောက်ခံတာရယ်ဘဲ လုပ်ဖြစ်မှာပါ။ ပျော်ပွဲ၊ ရွှင်ပွဲတော့ မလုပ်တော့ဘူးခင်ဗျ"ဟု အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး၏ ပြောပြချက်ကို လားရှိုးမြို့ပြန်လည်ထူထောင်ရေးက ဖော်ပြထားသည်။

အထူးဒေသ(၁) လားရှိုးမြို့ရှိ အစိုးရအဖွဲ့များအပြင် ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ငလျင်ဘေးသင့် ပြည်သူများထံလှူဒါန်းနိုင်ရန် လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

Photo: လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

#TachileikNewsAgency