ငလျင်ဒဏ်သင့် ဒေသများမှ အသက်ရှင်ကျန်ရစ်သူများကို စစ်ကောင်စီဘက်က နေစရာနှင့် စားစရာ စီစဉ်ပေးခြင်းမရှိ

ငလျင်ဒဏ်သင့် ဒေသများမှ အသက်ရှင်ကျန်ရစ်သူများကို စစ်ကောင်စီဘက်က နေစရာနှင့် စားစရာ စီစဉ်ပေးခြင်းမရှိ

ငလျင်ဒဏ်သင့် စစ်ကိုင်း၊ မန္တလေးမြို့နှင့် အင်းလေးဒေသတို့ရှိ နေအိမ်များပျက်စီးပြီး အသက်ရှင်ကျန်ရစ်သူများကို စစ်ကောင်စီဘက်က နေထိုင်စရာနေရာနှင့် အစားအစာများ ဖြန့်ဝေပေးခြင်း မရှိသေးဟု ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့နှင့် ရှမ်းတောင်တို့တွင် အပျက်အစီးများပြီး လူအသေအပျောက်များနေကာ နေအိမ်များ ပျက်စီးသော်လည်း အသက်ရှင်ကျန်ရစ်သူများစွာအတွက် စစ်ကောင်စီဘက်က (၂)ရက်ကြာသည်အထိ နေစရာနှင့် စားသောက်ရေး ကူညီပေးခြင်းမရှိသေးဟု ဆိုသည်။

“အခုထိတော့ စစ်ကောင်စီဘက်ကနေ နေစရာ၊ စားစရာစီစဉ်ပေးတာတော့ မတွေ့သေးဘူး။ စားသောက်ဆိုင်ဖွင့်တဲ့လူတွေပဲ စားစရာလှူနေတာတွေ့ရတယ်။ အိမ်ကရှိတဲ့ဟာလေးတွေပဲစားရတာ။ အဝေးကြီးလည်းမသွားရဲ အိမ်ထဲလည်း မနေရဲ။ အခုဆို Sky Villa မှာ အလောင်းနံ့တွေရလို့ ကယ်ဆယ်ရေးအဖွဲ့တွေက Mask တွေလိုနေတာ ဒေသခံတွေထဲကနေ လှူတဲ့သူပဲရှိတယ်။”ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကိုင်းနှင့် မန္တလေးတွင် ငလျင်ဒဏ်ကြောင့် သောက်သုံးရေခက်ခဲနေသည့်အပြင် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေသဖြင့် နေအိမ်အတွင်း မနေထိုင်ရဲ၍ အိမ်ပြင်ပနေရာများ၌ ထွက်အိပ်နေကြရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

“ဒီမှာ ရေရဖို့တောင် မနည်းလုပ်နေကြရတယ်။ အင်တာနက်လိုင်းတွေကလည်း ရလိုက်၊ မရလိုက်နဲ့ဖြစ်နေတယ်။”ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကိုင်းမြို့တွင် သောတာပန်ရပ်ကွက်၊ ထုံးဘိုရပ်ကွက် တစိတ်တပိုင်းသာ သက်သာရာရပြီး မြို့အနောက်ဘက်ခြမ်းအားလုံးနီးပါး ပျက်စီးပြီး အထပ်မြင့်တိုက်များ မြေညီထပ် ပျောက်သွားသည်ဟု သိရသည်။

“ကျွန်တော်တို့ကတော့ လူ(၈၀၀)စာလောက် ထမင်းသွားလှူတယ်။ ရွှေဘိုဘက်ကလည်း ရေတွေဘာတွေ လာလှူကြတယ်။ ကျွန်တော်တို့တွေ့တာမှာတော့ စစ်ကောင်စီဘက်က စားနပ်ရိက္ခာလှူတာတော့ မတွေ့သေးဘူး။ ဒါပေမယ့် ယန္တရားတွေ ကားတွေနဲ့တော့ ကယ်ဆယ်ရေးလုပ်နေကြတယ်။ ဆရာတော်ကြီးတွေက လှူတာတွေပဲရှိတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေက ပေးတာမတွေ့သေးဘူး။”ဟု စစ်ကိုင်းမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကိုင်းမြို့တွင် အိမ်ခြေရှိ မိသားစု(၃)သောင်းဝန်းကျင် လူဦးရေ (၈)သောင်းခန့် နေအိမ်ပျက်စီး၍ အခက်အခဲဖြစ်နေနိုင်သည်ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

 

“ကျွန်မတို့ ဘေးလွတ်ရာနေရာတွေမှာပဲ နေကြရတယ်။ အိမ်တွေမှာတော့ မနေကြတော့ဘူးပေါ့နော်။ ဘေးလွတ်ရာ တချို့ဆို ကွင်းပြင်တွေရှိတယ်လေ။ ကွင်းပြင်တွေမှာပဲ နေကြရပါတယ်။ စားသောက်ဖို့ကျတော့ ကျွန်မတို့ အခက်အခဲဖြစ်နေတယ်။ သောက်စရာ ရေကအစ အဆင်မပြေဘူးဖြစ်နေတယ်။”ဟု စစ်ကိုင်းမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် စစ်ကောင်စီသည် စစ်ကိုင်းမြို့ရှိ ရပ်ကွက်နှင့် ဗလီများတွင် သေစာရင်းလိုက်ကောက်ပြီး ဝန်ကြီးထံ တင်ပြပေးမည်ဟု ပြောဆိုခြင်းသာရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့တွင် သေဆုံးသူ(၁၀၀၀)ဝန်းကျင်အထိရှိနေပြီး မန္တလေးအထိ ပို့ဆောင်သင်္ဂြိုလ်နေရသည်ဟု စစ်ကိုင်းမြို့တွင်း ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသအတွင်း ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၃၀)ရက်နေ့ နေ့လယ်ပိုင်းအထိ သေဆုံးသူ (၈၉)ဦးအထိရှိလာပြီး နေအိမ်ပေါင်း (၂၃၃၇)အိမ် ပျက်စီးသွားသည်ဟု Pa.O Youth Organization (PYO)က ဖော်ပြသည်။

ငလျင်ဒဏ်သင့် ပြည်သူများကို နေစရာနှင့် စားစရာကူညီပေးခြင်းမရှိသည့် စစ်ကောင်စီသည် နိုင်ငံတကာမှ အကူအညီများစွာကို လက်ခံရရှိထားပြီး နိုင်ငံတကာမှ ကူညီကယ်ရေးအဖွဲ့များကို စစ်ကိုင်းမြို့သို့ ပေးမသွားဘဲ မန္တလေးနှင့် နေပြည်တော်သို့ ပို့ဆောင်ထားသည်။

မြန်မာနိုင်ငံတဝှမ်းလုံးနီးပါး ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းတောင်တို့တွင် အပျက်အစီးများကာ လူထိခိုက်သေဆုံးမှုများနေသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းအတွင်း အင်အားပြင်းငလျင်ဒဏ်ကြောင့် လူပေါင်း(၁၆၄၄)ဦး သေဆုံးပြီး (၃၄၀၈)ဦး ဒဏ်ရာရကာ (၁၃၉)ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: မန္တလေး ပြည်သူများမှ ပြည်သူများအတွက် အစားအသောက်များ ချက်ပြုတ်နေစဥ်